ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင်နေထိုင်သည့် CDM ကျောင်းဆရာမ ၃ ဦးနှင့် ကျောင်းသူ ၂ ဦးသည် ရှမ်းပြည်နယ်မြောက်ပိုင်းသို့ အလုပ်လုပ်ရန်သွားစဥ် မတ်လ ၁၆ ရက်နေ့က စစ်ကောင်စီတပ်၏ ဖမ်းဆီးခံလိုက်ရကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများက ပြောသည်။
လိပ်သိုဒေသခံ CDM ဆရာမ ၃ ဦးနှင့် တက္ကသိုလ်ဝန်ထမ်းအောင်မြင်ပြီးသူ အသက် ၂၀ ဝန်းကျင်အရွယ်ကျောင်းသူ ၂ ဦးတို့သည် ရှမ်းမြောက်ဒေသသို့သွားသည့် လမ်းခုလတ်တနေရာတွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး ယနေ့အထိ မိသားစုဝင်များနှင့် အဆက်အသွယ်ပြတ်တောက်သွားသည်ဟု မိသားစုဝင်နှင့်နီးစပ်သူ အမျိုးသမီးက ယခုလိုပြောပါသည်။
“သွားတာကတော့ စာသင်ပေးဖို့ အချိတ်အဆက်နဲ့ သွားကြတာ၊ တောင်ကြီးမှာ တစ်ညအိပ်သေးတယ်။ စစ်ကောင်စီဘယ်တပ်ဂိတ်မှာ ဖမ်းခံလိုက်ရတာလဲတော့ မသိရဘူး။ ဖမ်းခံလိုက်ရပြီဆိုပြီး သူတို့အဆက်အသွယ်က မိသားစုဝင်တွေကို အကြောင်းကြားလာတာ” ဟု ၎င်း ပြောပြသည်။
CDM ကျောင်းဆရာမ ၃ ဦးနှင့် ကျောင်းသူ ၂ ဦးတို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း၌ ဌာနေပညာရေးကော်မတီအဖွဲ့များက ပညာရေးကဏ္ဍလည်ပတ်နိုင်ရန် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု-CDM တွင် ပါဝင်ထားသည့် ဆရာ၊ဆရာမများကို သင်ကြားရေးလုပ်ကိုင်ရန် ဖိတ်ခေါ်နေခြင်းကြောင့် ယခုလို့သွားရောက်စဉ် စစ်ကောင်စီ၏ ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟုဆိုသည်။
“ရှမ်းမြောက်ဘက်က CDM ပညာရေးဝန်ထမ်းတွေခေါ်နေလို့ ပညာရေးဘက်က ပါဝင်ဖို့သွားတာမှာ စာရွက်တချို့ ပါသွားတာကြောင့် ဖမ်းခံရတာလည်း ဖြစ်နိုင်ပါတယ်” ဟု မိသားစုဝင်နှင့် နီးစပ်သူအမျိုးသမီးက သုံးသပ်ပြောဆိုသည်။
လက်ရှိတွင် ရှမ်းမြောက်၌ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA သိမ်းယူထားသည့် မြို့များ အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များအတွင်း လာမည့် ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်တွင် အခြေခံ ပညာကျောင်းပေါင်း ၅၀၀ ထက်မနည်းကို ဖွင့်လှစ်သွားမည်ဖြစ်သောကြောင့် နိုင်ငံတဝှမ်းရှိ CDM ဆရာ၊ဆရာမ များအား ပညာသင်ကြားရေးတွင် ပါဝင်ရန် ဖိတ်ခေါ်နေကြောင်း တော်လှန်ရေးနှင့် ပညာရေးအစုအဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့ ဖိတ်ခေါ်ရာတွင် ရှမ်းပြည်နယ်မြောက်ပိုင်းသာမက အခြားဒေသရှိ CDM ဆရာ၊ ဆရာမများလည်း လျှောက်ထားလာမှုများရှိပြီး ၎င်းတို့လမ်းခရီးအတွက် ဒေသအခြေအနေအား သတိပေးပြောဆိုမှု ရှိပါကြောင်း တအာင်းအမျိုးသားပညာရေးကော်မတီ -TLEC က ပြောဆိုသည်။
TLEC ၏ တာဝန်ရှိသူတစ်ဦးက “ကျမတို့ဆီမှာ တခြားဒေသကနေလျှောက်လာတဲ့ ဆရာ၊ဆရာမတွေ ရှိတယ်။ သူတို့ကိုလည်း မလာခင်ကတည်းက ပြောထားတယ်။ အဲဒီလိုအပ်တဲ့အထောက်အထားတွေကို Soft file နဲ့ပဲ ပို့လာခိုင်းတယ်၊ ဒီဘက်လာမယ်ဆိုရင်လည်း အတတ်နိုင်ဆုံးလမ်းကြောင်းလေးတွေ ဒေသအခြေအနေတွေကို ပြောပြပေးတယ်။ စစ်တပ်က ဖမ်းသွားပြီဆိုရင်တော့ ဘာမှလုပ်ပေးဖို့ အဆင်မပြေတော့ဘူး” ဟု ပြောသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်က နိုင်ငံတဝှမ်းရှိ CDM များ အပါအဝင် တော်လှန်ရေး တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးသတ်ဖြတ်မှု ပြုလုပ်ခဲ့ရာ ယခု မတ်လ ၁၉ ရက်နေ့ အထိ ဖမ်းဆီးခံရသူ စုစုပေါင်း ၂၆,၀၀၀ ကျော် ရှိနေပြီး ပြည်သူ ၄,၇၀၀ ကျော် သေဆုံးခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်စာရင်းများအရ သိရသည်။
KIC ပေးပို့သည်။