ရှမ်းမြောက်သို့စစ်ကူပို့ရာတွင် ကုန်ကားများနှင့် အိမ်စီးကားများကို ပြောင်းလဲအသုံးပြုနေ

0
383
ပုံစာ - စစ်ကောင်စီယာဉ်တန်းတချို့။

ရှမ်းပြည်နယ်တောင်ပိုင်းမှ ရှမ်းပြည်နယ်မြောက်ပိုင်းသို့ စစ်ကောင်စီက စစ်ကူပို့ရာတွင် ယခင်ကအသုံးပြုနေသည့် စစ်ကားများအစား ကုမ္ပဏီပိုင်ကုန်ကားများနှင့် အိမ်စီးကားများကို ပြောင်းလဲအသုံးပြုလာနေသည်ဟု မျက်မြင်တွေ့ရှိရသူများက ပြောဆိုသည်။

တောင်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာ၊ ပြည်ထောင်စုလမ်းမပေါ်ရှိ အမှတ် ၂၂၂ ထောက်ပံ့ရေးတပ်နှင့် တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းမပေါ်ရှိ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ) စသည့် တပ်ဝင်းများမှ တပ်သားများအား “၁၂၀၇ စစ်ဆေးရေး” စတင်သည့် အောက်တိုဘာလ နောက်ဆုံးအပတ် ကတည်းက ယခုကဲသို့ ပို့ဆောင်နေခြင်း ဖြစ်သည်ဟု ၎င်းတို့က ပြောပါသည်။

မျက်မြင်တွေ့ရှိသူတစ်ဦးက “နေ့နေ့ညည တွေ့နေတာပဲ။ ကားတွေက ကုမ္မဏီကားတွေကို တံဆိပ်ခွာထားတာ။ အောင်သပြေတပ်ဝင်းထဲ ဝင်လိုက်ထွက်လိုက်၊ ကားထဲ စစ်သားတွေဝင်ပြီး မိုးကာအုပ်လိုက်တာ၊ တချို့က အရာရှိလားတော့ မသိဘူး အိမ်စီးကားတွေနဲ့” ဟု ပြောသည်။

မန္တလေး၊ မိတ္ထီလာ၊ သာစည် စသည့် မြို့များမှ ကုန်တင်ကား၊ တွဲကားများမှာ ယခင် တောင်ကြီးမြို့သို့ တိုက်ရိုက် တက်လာသော်လည်း “၁၀၂၇ စစ်ဆင်ရေး” စတင်သည့် နောက်ပိုင်းမှစပြီး အမှတ် ၂၂၂ တပ်ဝင်းတွင် ညအိပ်နားရသည်ဟု ဆိုသည်။

ထို့နောက် နောက်ရက်၌ ကားဒရိုင်ဘာများမှာ စစ်ကားများဖြင့်ပြောင်းစီး၍ တောင်ကြီးမြို့သို့ တက်လာကြပြီး မူရင်း ကုန်တင်ကား၊ တွဲကားများကို စစ်ကောင်စီကအသုံးပြု၍ ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ထွက်ခွါသည်ဟု ဒေသခံများက ပြောသည်။

“အောင်သပြေတပ်ဝင်းမှာ ညအိပ်တဲ့ကုန်ကားတွေက မနက်လင်းတာနဲ့ ဟဲဟိုး – ရပ်စောက် – နောင်ချို လမ်း ကနေ ရှမ်းမြောက်ကို တက်တာ၊ တစ်ခါသွားရင် အစီး ၅၀ နီးပါး အတန်းရှည်ကြီး အမြန်မောင်းပြီး တစ်လမ်းလုံး ဟွန်းတီးသွားတာ” မျက်မြင်တွေ့ရှိသူတစ်ဦးက ဆက်ပြောသည်။

အလားတူ ကယား (ကရင်နီ) ပြည်ဘက်သို့ စစ်ကူပို့ရာတွင်လည်း ယခင်က အသုံးပြုသည့် စစ်ကားများအစား ကုန်ကား၊ တွဲကားများကို အသုံးပြုလာနေသည်ဟု မြေပြင်သတင်းအရင်းအမြစ်များက ပြောသည်။

ကရင်နီပြည်မှ ရှေ့တန်းပြန်လာသည့် ကုန်ကား၊ တွဲကားများမှာ ကလောမြို့နယ်၊ တီကျစ်ကျေးရွာ အခြေစိုက် ခြေမြန်တပ်ရင်း ခမရ – ၅၁၁ တပ်ဝင်းတွင် ညအိပ်နားလေ့ရှိပြီး နောက်ရက်တွင် မူရင်းစစ်ကားများ ပြောင်းစီး၍ မိခင်တပ်ရင်းသို့ ပြန်ကြသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောဆိုသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here