ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်တချို့တွင် စစ်ကောင်စီ လက်အောက် ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်ထား သည့် စာသင်ကျောင်းများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က ပိတ်သိမ်းခိုင်းသည်ဟု ဒေသခံများက ပြောသည်။
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေး ကျေးရွာအုပ်စုအတွင်းက စာသင်ကျောင်း တစ်ကျောင်းကို ကချင်လွတ်လပ်ရေး တပ်မတော် KIO/KIA က ပိတ်သိမ်းရန် ဇွန်လ ၈ ရက်က စာပို့ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ ရွာသားများက ပြောသည်။
မိုင်းယုလေးကျေးရွာခံ အမျိုးသမီးတစ်ဦးက “ကျမတို့ရွာမှာ စစ်ကောင်စီဖွင့်လှစ်တဲ့ အ.လ.က ကျောင်းနဲ့ TNEC ဖွင့် လှစ်ထားတဲ့ အမက စာသင်ကျောင်း နှစ်ကျောင်း ရှိပါတယ်။ အခုပိတ်ခံရတဲ့ကျောင်းက အ.လ.ကကျောင်း ပါ။ ကချင်တပ်ဖွဲ့က စာစောင်ပို့လာပြီး ပိတ်ခိုင်းတယ်” ဟု ပြောသည်။
ထိုအခြေအနေကြောင့် မိုင်းယုလေးကျေးရွာရှိ ကျောင်းသားမိဘများနှင့် ကျောင်းတာဝန်ခံများက KIA နှင့် သွားရောက် ညှိနှိုင်းခဲ့ကြရာ ဇွန်လ ၁၃ ရက်နေ့ အထိ အဆင်မပြေသေးသောကြောင့် ကျောင်းကို ဆက်ပိတ်ထား ရသည်ဟု ရွာသားများက ပြောဆိုသည်။
အလားတူ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ဖွင့်လှစ်လိုက်သည့် နမ္မတူမြို့နယ် အတွင်းရှိ ကျောင်းတချို့ကို ဒေသတွင်း ရှိနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ပိတ်သိမ်းခိုင်းကြောင်း သိရသည်။
နမ္မတူမြို့နယ်၊ မန်စံကျေးရွာအုပ်စုရှိ စစ်ကောင်စီက ဖွင့်လှစ်ထားသည့် စာသင်ကျောင်းကို ဇွန်လ ၉ ရက် နံနက်ပိုင်းတွင် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) တိုက်နယ်အမှတ် – ၄ က ပိတ်ခိုင်းခဲ့ရာတွင် ကျောင်းတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ကျောင်းသားမိဘများ တောင်းဆိုမှုများကြောင့် ဇွန်လ ၁၀ ရက် တွင် ပြန်ဖွင့်ခွင့်ပေးလိုက်သည်ဟု မန်စံကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။
“မနေ့က သူတို့ပိတ်ခိုင်းတာ ဟုတ်ပါတယ်။ TNLA တပ်ဖွဲ့က ဖုန်းနဲ့ ပြောလာ တယ်။ မနေ့မနက်ပိုင်းမှာ ပိတ်ခိုင်းပြီး ညနေပိုင်းကျတော့ ဖွင့်ဖို့ ပြန်ခွင့်ပြုပေးလိုက်တာ။ အကုန်လုံး ပြန်ဖွင့်ခိုင်းတယ်” ဟု မန်စံကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။
အလားတူ နမ္မတူမြို့နယ် ပန်လုံကျေးရွာတွင်လည်း စစ်ကောင်စီ လက်အောက် ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားသည့် အခြေခံပညာသင် ကျောင်းများကို TNLA က ဖွင့်ခွင့်မပြုဘဲ ပိတ်ခိုင်းသည်ဟု ပန်လုံကျေးရွာသားများက ပြောသည်။
လက်ရှိတွင် အခြေခံ ပညာသင်ကျောင်းများ ပိတ်ထားရသောကြောင့် နမ္မတူနှင့် ကွတ်ခိုင်မြို့နယ် အတွင်းရှိ အဆိုပါ ကျောင်းများတွင် တက်ရောက်စာသင်ကြားနေကြသည့် ကျောင်းသားများ ကျောင်းမတက်ကြရကြောင်း သိရသည်။
ထို့ကြောင့် ငွေကြေး တတ်နိုင်ခြင်း မရှိကြသည့် ကွတ်ခိုင်မြို့နယ်အတွင်းက မိုင်းယုလေးကျေးရွာနှင့် နမ္မတူမြို့နယ် အတွင်းက ပန်လုံကျေးရွာခံ ကျောင်းသားမိဘများက ၎င်းတို့သားသမီးများ၏ ပညာရေးအတွက် စိုးရိမ်နေကြပြီး မြို့ဘက်တွင် ကျောင်းပြောင်းထားရန်လည်း အဆင်မပြေကြဟု ပြောဆိုကြသည်။
NMG – ပေးပို့သည်။