ရှမ်းနီဒေသအတွင်း  ဖုန်းလိုင်းများအားလုံးပြတ်တောက်နေပြီး သတင်းများသိရှိနိုင်ရန်ခက်ခဲနေ

0
147
Photo – Social Media

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ  ရှမ်းနီတိုင်းရင်းသားများ နေထိုင်ရာဒေသတွေများတွင် အင်တာနက်နှင့် ဖုန်းလိုင်း ပြတ်တောက်မှုများမှာ တစ်လနီးပါး ကြာမြင့်လာပြီဖြစ်ပြီး ဒေသခံများ သတင်းမှန်ရရှိနိုင်ရေးအတွက် ခက်ခဲလာကြသည်ဟု သိရသည်။

ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့နှင့် ပင်လည်ဘူးမြို့နယ်များတွင် မေလဒုတိယအပတ်မှစပြီး ဖုန်းလိုင်းနှင့် အင်တာနက် လိုင်းများ ပြတ်တောက်နေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့်  မေလအတွင်းက အဆိုပါမြို့နယ်များတွင် ရှမ်းနီအမျိုးသားများတပ်မတော် (SNA)၊ စစ်ကောင်စီတပ်၊ ပြည်သူ့စစ်များနှင့် ဒေသကာကွယ်ရေးတပ် (PDF)၊ ကချင်လွတ်မြောက်ရေးတပ် (KIA)  တို့ အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး  ဖုန်းလိုင်းများလည်း ပြတ်တောက်ခဲ့ခြင်းဖြစ်သည်။

မေလတတိယအပတ်အတွင်း၌ ဟုမ္မလင်းမြို့နယ်၊ ပရစ်ဖာနိုင်းကျေးရွာအနီးတွင် ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်၏ တပ်စခန်းတစ်ခုကို  KIA , PDF တပ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး SNA ဘက်မှ တန်ပြန်ထိုးစစ် ရှိခဲ့သည့် သတင်းရရှိပြီးနောက် ဆက်သွယ်ရေးလိုင်းများ တစ်မြို့နယ်လုံးအတိုင်းတာနှင့် ဆိုးရွားစွာ ပြတ်တောက်သွားသည်ဟု ဒေသခံများက ပြောသည်။

“ဖုန်းလိုင်းတွေက အားလုံးပြတ်တောက်နေတယ်။ ဘာသတင်းမှ မရတော့ဘူး၊ အခုဆက်သွယ်ကြည့်တာ လိုင်းတွေ မရဘူး။ တချို့နေရာတွေတော့ အူရီဒူးရတယ်ပြောတယ်။ စစ်တပ်သုံးတဲ့ MEC ၊ ကမ်းရိုးတန်းဖုန်း တွေတော့ ဆက်လို့ရတယ်၊ အဲ့တာကလည်း မသုံးကြတော့ဘူး” ဟု ဟုမ္မလင်းမြို့ အခြေအနေကို  ဒေသခံတစ်ဦးက ပြောပြပါသည်။

ဟုမ္မလင်းမြို့အပြင် ဖောင်းပြင်မြို့တွင်လည်း ဖုန်းလိုင်းများ ပြတ်တောက်ပြီး ဒေသတွင်းတိုက်ပွဲအခြေအနေများ၊  တခြားသာ လူမှုစီးပွားရေးသတင်းများလည်း လုံးဝမသိရှိရတော့ကြောင်း ရှမ်းနီအသံ မြေပြင်သတင်းထောက်များက ပြောဆိုသည်။

ဟုမ္မလင်းမြို့မှ ပြန်လာသူတစ်ဦးက “ဟုမ္မလင်းမှာ ဖုန်းလိုင်းတွေ ပြတ်နေတယ်။ ဘယ်လိုမှ ဆက်လို့မရဘူး၊ တိုက်ပွဲတွေလည်း ကြိုကြားဖြစ်နေတယ် နောင်ပိုအောင်ဘက်ခြမ်းမှာ” ဟု ပြောဆိုသည်။

ပင်လည်ဘူးမြို့တွင်လည်း ၂၀၂၁ ခုနှစ် ကတည်းက ဖုန်းလိုင်းများနှင့် အင်တာနက်လိုင်းများအားလုံး ပြတ်တောက် နေခြင်းဖြစ်ပြီး တခြားဒေသကို ဆက်သွယ်နိုင်ရန်အတွက် ဖောင်းပြင်နှင့် ဟုမ္မလင်း နယ်စပ်များတွင် ခေါ်ဆိုခဲ့ကြ သော်လည်း လက်ရှိတွင် ဖုန်းလိုင်းပြတိတောက်မှုများကြောင့် ဆက်သွယ်၍ မရတော့ကြောင်း သိရှိရသည်။

ယခုလို ရှမ်းနီတိုင်းရင်းသားဒေသတွင်း ဆက်သွယ်ရေးအားလုံး ပြတ်တောက်နေပြီး သတင်းအမှောင်ချထားခံရ သကဲ့သို့ ဆက်သွယ်မှု ပိုမိုခက်ခဲလာပြီး၊   ဒေသခံပြည်သူများအတွက် သတင်းမှန်ရရှိနိုင်သော အခွင့်အရေး ကြီးမားစွာ ဆုံးရှုံးနေကြောင်း  ပင်လည်ဘူးဒေသခံလူငယ်တစ်ဦးက ပြောဆိုသည်။

အင်တာနက်နှင့် ဖုန်းလိုင်းပြတ်တောက်နေသည့် ဟုမ္မလင်း ၊ ဖောင်းပြင်နှင့် ပင်လည်ဘူးမြို့နယ်များတွင် ၂၀၂၁ ခုနှစ် လူဦးရေစာရင်းအရ နေထိုင်သူ လေးသိန်းငါးသောင်းခွဲကျော် နေထိုင်ကြကြောင်း သိရသည်။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here