30 ဇွန် 2025 /

See today's Peace Related News

Homeသတင်းရွာငံမြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများက စိတ်အလိုကျ စစ်မှုထမ်း ရွေးချယ်စေလွှတ်မှုပြုနေ

ရွာငံမြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများက စိတ်အလိုကျ စစ်မှုထမ်း ရွေးချယ်စေလွှတ်မှုပြုနေ

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်အတွင်းရှိ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းရွေးချယ်ရာတွင် ၎င်းတို့စိတ်အလိုကျ စစ်မှုထမ်းမည့်သူကို ရွေးချယ်စေလွှတ်နေသည်ဟု ဒေသခံသတင်းရင်းမြင်းတို့ထံက သိရသည်။

ရွာငံမြို့နယ်အတွင်း စစ်မှုထမ်းရွေးချယ်ရန် အသက်ပြည့်မီသူများကို စာရင်းကောက်ယူရာတွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာမှစာရင်းဖြင့် လာရောက်ကောက်ယူခြင်း၊ ကျေးရွာအတွင်း မဲနှိုက်၍ စစ်မှုထမ်းခိုင်းခြင်းမျိုးမဟုတ်ဘဲ အုပ်ချုပ်ရေးမှူးများနှင့် ဆက်ဆံရေး အဆင်မပြေသူများ၊ ဆင်းရဲနွမ်းပါးသူများကိုသာ ရွေးချယ်သွားသည်ဟု ဒေသခွသတင်းရင်းမြစ်များက ပြောသည်။

ရွာငံဒေသခံအမျိုးသားတစ်ဦးက “စစ်မှုထမ်းစာရင်းထဲမှာ အုပ်ချုပ်ရေးမှူးနဲ့ အဆင်မပြေတဲ့သူ၊ စစ်တပ်ကို မထောက်ခံတဲ့သူတွေနဲ့ အခြေခံလူတန်းစားတွေရဲ့ နာမည်တွေပဲ ပါဝင်နေတယ်” ဟု ပြောပါသည်။

ရွာငံမြို့နယ်အတွင်းရှိ စစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှူးများသည် ၎င်းတို့ စစ်မှုထမ်း စေလွှတ်လိုသူတို့၏ နာမည်စာရင်းများကို စစ်ကောင်စီတပ်ဖွဲ့ထံ သွားရောက်ပေးထားပြီးဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

“အခု လူစာရင်းလည်း သူ (အုပ်ချုပ်ရေးမှူး) က အရင်ကတည်းက စစ်တပ်ကို ကောက်ပြီးပေးထားတာ၊ ဒါက မတရားဘူး။ သူနဲ့ အဆင်မပြေတိုင်း စစ်တပ်ကို မကြိုက်တဲ့သူတိုင်းကို စစ်မှုထမ်းစာရင်းထဲထည့်တာ၊ အရမ်းလွန်တယ်” ဟု အထက်ပါ ဒေသခံအမျိုးသားက ဆက်ပြောသည်။

ရွာငံမြို့နယ်ရှိ ကျေးရွာတစ်ရွာလျှင် စစ်မှုထမ်းရန် အမျိုးသား (၅) ဦး သွားရမည်ဟုလည်း စစ်ကောင်စီနှင့် နီးစပ်သည့် အဆိုပါရွာအုပ်ချုပ်ရေးမှူးတို့က ဒေသခံရွာသားများကို ခြိမ်းခြောက်ပြောဆိုထားသည်ဟု သိရသည်။

ထို့အပြင် စစ်ကောင်စီသည် အသက် (၁၈) နှစ်မှ ၃၅ နှစ်ကြား အမျိုးသားများကိုသာလျှင် စစ်မှုထမ်းခေါ်ယူမည်ဟု ဆိုသော်လည်း လက်ရှိတွင် ( ၃၅ ) နှစ်အထက် အမျိုးသားများကိုပါ စစ်မှုထမ်းစာရင်းတွင် ထည့်သွင်းခေါ်ယူ နေသည်ဟု ရွာငံဒေသခံများက ပြောပြသည်။

စစ်ကောင်စီက ခေါ်ဆောင်သွားသည့် စစ်မှုထမ်းရန်လိုက်ပါသွားရသူများသည် ၎င်းတို့၏နေအိမ်နှင့် တကြိမ်တခါမျှ ဆက်သွယ်မှု မရတော့သကဲ့သို့ နေအိမ်သို့လည်း ပြန်မလာတော့ကြောင်း ဒေသခံအမျိုးသားတို့က ပြောဆိုသည်။

စစ်မှုထမ်းစာရင်းတွင်ပါဝင်သူ အသက် (၃၀) ဝန်းကျင် ရွာငံဒေသခံအမျိုးသားက “အရင်တစ်သုတ်က ခေါ်သွားတဲ့ ရွာကတစ်ယောက်တောင် ခုထိအဆက်အသွယ် မရသေးဘူး။ သေလား၊ ရှင်လားလည်း မသိဘူး။ ခု နောက်တခေါက် လာခေါ်တော့ ကျနော်နာမည်က ထိပ်ဆုံးကပါတယ်။ ကျနော့မှာလည်း အမျိုးသမီးက ကိုယ်ဝန်ကြီးနဲ့ မလိုက်ချင်ဘူး။ လိုက်သွားပြီးရင် တသက်တာ ပြန်လာလို့ရမှာ မဟုတ်တော့ဘူး” ဟု ပြောသည်။

လက်ရှိတွင် စစ်မှုထမ်းရန်အတွက် အခြားရွေးချယ်စရာ နည်းလမ်းမရှိသဖြင့် စစ်ကောင်စီခေါ်သည့် စစ်မှုထမ်းကို လိုက်ပါသွားရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့လိုက်ပါသွားလျှင်လည်း သေလမ်း ရွေးချယ်ခြင်းသာဖြစ်ကြောင်း အဆိုပါအမျိုးသားက ဆက်ပြောသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် စစ်အာဏာမသိမ်းခင်အချိန်က စစ်ကောင်စီတပ်ဖွဲ့က လစာကောင်းကောင်းပေးမည်ဟုဆိုကာ ရွာငံမြို့နယ်ရှိ ဒေသခံများထံ စစ်သားလုပ်ရန် လာရောက်စည်းရုံးခဲ့ပြီး အမျိုးသားတစ်ဉီး လိုက်ပါသွားရာ ၂၀၂၄ ခုနှစ် ရခိုင်ပြည်နယ်တိုက်ပွဲတွင် သေဆုံးခဲ့သည်ဟု သိရသညိ။

ထိုသေဆုံးမှုတွင်လည်း အလောင်းပြန်မရသည့်အပြင် ဓာတ်ပုံပါ မြင်ခွင့်မရကြောင်း မိသားစုဝင်များက ပြောဆိုထားသည်။

လက်ရှိ၌ ရွာငံမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က နယ်မြေစိုးမိုး နေရာယူထားပြီး၊ စစ်ဆေးရေးဂိတ်များတွင် လမ်းသွားလမ်းလာခရီးသွားများကို အတင်းအကြပ် စစ်ဆေးမှုပြုလုပ်နေသည့်အပြင် ကျေးရွာအတွင်းလည်း တပ်စွဲခြင်း၊ စစ်ကြောင်းထိုးမှုများ ပြုလုပ်နေကြောင်း သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။