10 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းရေး - သံဖြူဇရပ် လမ်းမကြီးတလျှောက် စစ်ကောင်စီအဖွဲ့ အင်အားတိုးချဲ့ပြီး တပ်စွဲနေထိုင်မှုများလာနေ

ရေး – သံဖြူဇရပ် လမ်းမကြီးတလျှောက် စစ်ကောင်စီအဖွဲ့ အင်အားတိုးချဲ့ပြီး တပ်စွဲနေထိုင်မှုများလာနေ

မွန်ပြည်နယ် ရေးမြို့နှင့် သံဖြူဇရပ်မြို့အကြား အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးအား ထိန်းချုပ်နိုင်ရေးအတွက် စစ်ကောင်စီအဖွဲ့က အင်အားတိုးချဲ့နေပြီး တပ်စွဲနေထိုင်မှုတို့ ပိုမိုလုပ်ဆောင်လာသလို ဒေသခံနှင့် ခရီးသွားများကိုလည်း စစ်ဆေးတင်းကြပ်နေကြောင်း သိရသည်။

သံဖြူဇရပ်မြို့ ကွမ်ကျိုက်ကျေးရွာမှ ရေးမြို့ လမ်းမကြီးတလျှောက်ရှိ ရွာအဝင်လမ်းထိပ် ၉ နေရာထက်မနည်းတွင် စစ်ကောင်စီက တပ်စွဲထားပြီး အထူးအဖြင့် ကွမ်ကျိုက်ကျေးရွာအနီး၊ ကိုရင်လေးဘုရားမုဒ်ဝရှေ့နှင့် စုံနံသာ ရွာလမ်းဝတို့တွင် အင်အားပိုများကြောင်း ခရီးသွားလာကြသူများက ပြောဆိုသည်။

“မနက်ကပဲ ကျွန်တော် ရေးကနေ ဆင်းလာတယ်။ စစ်ကောင်စီတွေက လမ်းမှာ ပြည့်နေတယ်။ ကုန်းပေါ်ဘက် ကနေ ရေးမြို့အထိ သူတို့တွေအင်အားဖြည့်ထားတယ်။ စုံနံ့သာရွာလမ်းဝမှာဆို အများကြီးပဲ။ ပြီးရင် ကိုရင်လေး ဘုရားမုဒ်ဝရှေ့မှာ ၃၀ ယောက်၊ ၄၀ ယောက်လောက်ရှိတယ်” ဟု ရေး-သံဖြူဇရပ်လမ်းပိုင်း ခရီးသွားလာသူတစ်ဦး ပြောသည်။

စစ်ကောင်စီတပ်က ခရီးသွားလာသူများအား မှတ်ပုံတင်၊ ခရီးသွားထောက်ခံစာနှင့် အခြားစာရွက်စာတမ်းပါရှိမှုကို အချိန်ကြာမြင့်စွာ စစ်ဆေးနေပြီး ငွေကြေးကောက်ခံမှုများလည်း ပြုလုပ်နေသည်ဟု ရေးဒေသခံတစ်ဦးက ပြောဆိုသည်။

ရေးမြို့ခံတစ်ဦးက “စကစတွေက ပိုမိုတင်းကြပ်နေတယ်။ မနေ့က ကျွန်တော်တို့မော်လမြိုင်ကနေ ပြန်လာတုန်း ကဆို ဒီကားက တစ်သောင်းပေး၊ ဟိုကားက ၂ သောင်း၊ တချို့ကားက ၅ ထောင် အဲဒီလိုတောင်းနေတယ်။ သူတို့ ယူချင်တဲ့အတိုင်း ယူနေတယ်။ ဆန်သယ်တဲ့ကားတွေဆို ၅ သောင်း ၆ သောင်းလောက်ထိတယ်” ဟု ဆိုသည်။

၂၀၂၄ အောက်တိုဘာလမှစ၍ ရေး-သံဖြူဇရပ် လမ်းပိုင်းတလျှောက် တိုက်ပွဲဖြစ်ပွားမှု နည်းလာသော်လည်း စစ်ကောင်စီအဖွဲ့တို့ အင်အားဖြည့်တင်းလာခြင်းကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာနှင့် ဇန်နဝါရီလအတွင်း ကွမ်ကျိုက်ရွာ အနီးတဝိုက်တွင် ထိတွေ့တိုက်ပွဲ ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရမှုလည်း မကြာခဏ ဖြစ်ပွားလျှက်ရှိသည်။

တိုက်ပွဲဖြစ်ပွားသည့်နေ့တွင် လမ်းပိုင်ခေတ္တဖြတ်တောက်မှု၊ လုံခြုံရေးတိုးမြှင့်ပြီး စစ်ဆေးတင်းကြပ်မှုတို့ကြောင့် အရေးပေါ်ကျန်းမာရေးအခြေအနေနှင့် ခရီးသွားလာသူတို့ အသွားအလာခက်ခဲနှောင့်နှေးနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ရေးမြို့နယ်အရှေ့ဘက်ဒေသအတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအဖွဲ့တို့၏ တိုက်ပွဲအရှိန်ကြောင့် ရေးဒေသခံများက စားနပ်ရိက္ခာ ကြိုတင်စုဆောင်းမှုတို့ လုပ်ဆောင်နေပြီး ဆန်နှင့်ရိက္ခာ တင်ဆောင်လာသည့် ယာဉ်များကိုလည်း ရေးလမ်းမကြီးတလျှောက်ရှိ စစ်ကောင်စီအဖွဲ့တို့ ကန့်သတ်ပိတ်ဆို့ လျှက်ရှိကြောင်း သိရသည်။

တဖက်တွင်လည်း မွန်တော်လှန်ရေးတပ်ဖွဲ့တို့ပူးပေါင်းပြီး တပ်ပေါင်းစုတစ်ခုတည်းနေဖြင့် တိုက်ပွဲဝင်မည်ဟု ထုတ်ပြန်ကြေညာထားသည့်နောက် မွန်ဒေသတွင်း တိုက်ပွဲအရှိန်မြင့်လာနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိလာသည်။

IMNA ပေးပို့သည်။