မွန်ပြည်နယ်၊ ရေး – သံဖြူဇရပ်လမ်းပိုင်း မော့ကနင်ကျေးရွာအနီးတွင် နယ်မြေရှင်းရန် ရောက်ရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို မွန်ပြည်သစ်ပါတီ (AD) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဇူလိုင် ၁၆ ရက်နေ့ နံနက် ၉ နာရီခန့်က မော့ကနင်ကျေးရွာအနီးရှိ ကွမ်းကျိုက်ကျေးရွာလမ်း အမှတ် (၈) လမ်းမကြီးတွင် နယ်မြေရှင်းလင်းရန် ရောက်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ပူးပေါင်းတပ်ဖွဲ့တို့က စတင် တိုက်ခိုက်ခဲ့ရာ နံနက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် ပစ်ခတ်မှု ရပ်စဲခဲ့သည်ဟု ဒေသခံများက ပြောသည်။
“ပူးပေါင်းတပ်ဖွဲ့တွေကပဲ တိုက်ခိုက်ခဲ့တယ်။ စကစဘက်က ပြန်မထွက်ခဲ့ဘူး၊ ပြန်မပစ်နိုင်ခဲ့ဘူး” ဟု မော့ကနင် ဒေသခံတစ်ဦးက ပြောဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရမှုကြောင့် ယင်းနေရာမှ ပြန်လည်ဆုတ်ခွာခဲ့ပြီး မွန်ပြည်သစ်ပါတီ AD နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့မှ လမ်းကြောင်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လုပ်နေကြောင်း သိရသည်။
“သူတို့ စစ်ဆေးတာက စကစ အသွားအလာအခြေအနေကြောင့် စစ်ဆေးတာ၊ ပိုက်ဆံယူတာ ပိုက်ဆံတောင်းတာ ခြိမ်းခြောက်တာတို့ မလုပ်ပါဘူး” ဟု မော့ကနင်ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ ထိခိုက်သေဆုံးမှု အခြေအနေကို ဆက်လက်အတည်ပြုနေဆဲ ဖြစ်သည်။
ယခုဇူလိုင်လအတွင်း တော်လှန်ရေးပူးပေါင်တပ်ဖွဲ့က ရေး – သံဖြူဇရပ်လမ်းပိုင်းတွင် တိုက်ပွဲအရှိန်မြင့်တင်လျှက်ရှိပြီး အဆိုပါမော့ကနင်ရွာအနီးတွင် တိုက်ပွဲ ၃ ကြိမ်အထိ ဖြစ်ပွားခဲ့သည်ဟု ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။
ရေးမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်မှုထမ်းသင်တန်းဆင်း တပ်သားတို့နှင့် အင်အားဖြည့်တင်းထားပြီးသည့်နောက် နယ်မြေရှင်းလင်းရေး မကြာခဏ လုပ်ဆောင်လျှက်ရှိပြီး ရေး – သံဖြူဇရပ် လမ်းပိုင်းတွင်လည်း ပုန်းခိုနေရာယူလျှက်ရှိသည်ဟု သိရသည်။
IMNA ပေးပို့သည်။