ရေးမြို့နယ်တွင် စစ်မှုထမ်းသင်တန်းဆင်း တပ်သားများဖြင့် အင်အားဖြည့်ပြီး စစ်ဆေးရေးပိုမိုတင်းကြပ်နေ

0
149
ပုံစာ - ရေးမြို့ရှိ စစ်ကောင်စီဖမ်းဆီးပြီးနောက် ပြန်လွတ်လာသူတချို့ စိတ်ပိုင်းဆိုင်ရာခံစားနေရသည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်မှုထမ်းအပတ်စဉ် (၁) မှ သင်တန်းဆင်းတပ်သားများနှင့် အင်အားဖြည့်တင်းပြီး စစ်ဆေးမှုများ ပိုမိုတင်းကြပ်နေသည်ဟု ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။

ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းက တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်မှ စစ်မှုထမ်းအပတ်စဉ် (၁) သင်တန်းဆင်း တပ်သား ၄၃၀ ကျော်ကို ပြီးခဲ့သည့် ဇူလိုင်လပထမအပတ်အတွင်း ခွဲဝေဖြည့်တင်းပေးထားသည်ဟု ဆိုသည်။

“ရေးကို စစ်ဆေးရေးတွေ ကြပ်ထားတာပေါ့နော်။ ကားတွေလည်း စစ်တယ်။ ဒီနောက်ပိုင်း ဧည့်စာရင်းတွေစစ်တယ် လုပ်လာတာပေါ့နော်။ မြို့အဝင်ထွက်တွေ တင်းတင်းကြပ်ကြပ် ပိတ်ဆို့တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ရေးမြို့ပေါ် ရပ်ကွက်နှင့် ကျေးလက်နေရာအနှံ့တို့တွင် ယာဉ်အသွားအလာ စစ်ဆေးခြင်း၊ ဖုန်းစစ်ဆေးခြင်းနှင့် နေအိမ်အတွင်း ဝင်ရောက်စစ်ဆေးခြင်း၊ လက်နက်ခဲယမ်းများ ရှာဖွေစစ်ဆေးခြင်းအပြင် အနံ့ခံခွေးနှင့်ပါ နေ့စဉ် စစ်ဆေးရေး ခပ်စိပ်စိပ်လုပ်ဆောင်နေသည်ဟု ရေးဒေသခံတစ်ဦးက ပြောသည်။

ရေးမြို့ပေါ်ရှိ တပ္ပလင်နှစ်ဆူလမ်းနေရာ၊ အောင်သုံးအောင် ရပ်ကွက်လမ်းဆုံ၊ ရထားသံလမ်းအနီးနှင့် ချောင်းတောင်တို့တွင် ပိုမိုစစ်ဆေးနေသည့်အပြင် ကျုံလောင်ရွာဟောင်း ၊အစင်၊ ကွင်းရှည်၊ ကျောင်းရွာ၊ စုံနံသာ၊ ပေါထော စသည့် ကျေးရွာဘက်များတွင်လည်း စစ်ကောင်စီက ကင်းလှည့်စစ်ဆေးခြင်း၊ ကင်ပုန်းဝပ် လုံခြုံရေးယူခြင်းတို့ လုပ်ဆောင်လျှက်ရှိကြောင်း ဒေသခံများက ပြောဆိုသည်။

မွန်ပြည်နယ်အတွင်း တော်လှန်ရေးအင်အား အကောင်းဆုံးဖြစ်သည့် ရေးမြို့နယ်တွင် စစ်ကောင်စီအဖွဲ့များ သေကြေပျက်စီးမှု ပိုများလာခြင်းကြောင့် အင်အားပိုမိုဖြည့်တင်းနေသည်ဟု တော်လှန်ရေးအင်အားစုနှင့် နီးစပ်သူတို့က သုံးသပ်ပြောဆိုသည်။

ရေးမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင် ၇ ရက်နေ့က အာယုတောင်ကျေးရွာအနီးတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်တို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဒေသခံများ အကြမ်းဖက်ဖမ်းဆီး သတ်ဖြတ်ခံရမှုများ ရှိခဲ့သည်။

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာ အခြေစိုက် အမှတ် (၄) တပ်မတော်တန်းမြှင့် သင်တန်းကျောင်းမှ စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁) ပြီးမြောက်ထားသည့် သင်တန်းသား ၂၀၀ ကျော်အား ရေးမြို့နယ်အပါအဝင် အခြားတိုက်ပွဲပဋိပက္ခဖြစ်ပွားရာ တိုင်းနှင့်ပြည်နယ်အသီးသီးသို့ ပို့ဆောင်ထားသည်ဟု သိရသည်။

စစ်ကောင်စီအဖွဲ့များ အင်အားဖြည့်တင်းလာခြင်းကြောင့် မွန်ပြည်နယ် တောင်ပိုင်းဒေသတွင် တိုက်ပွဲ ပိုမိုပြင်းထန်လာမည်ကို ဒေသခံတို့ စိုးရိမ်လျှက်ရှိသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here