5 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းရေးဒေသခံတချို့ တိုက်ပွဲများနှင့် လမ်းပိတ်ဆို့မှုလာမည်ကို စိုးရိမ်မှုကြောင့် စားနပ်ရိက္ခာ ကြိုတင်စုဆောင်းနေ

ရေးဒေသခံတချို့ တိုက်ပွဲများနှင့် လမ်းပိတ်ဆို့မှုလာမည်ကို စိုးရိမ်မှုကြောင့် စားနပ်ရိက္ခာ ကြိုတင်စုဆောင်းနေ

မွန်ပြည်နယ်၊ ရေးအရှေ့ပိုင်းဒေသအတွင်း စစ်ကောင်စီနှင့် တော်လှန်ရေးအဖွဲ့တို့ကြား တင်းမာနေတာကြောင် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်နေကြသည့်အပြင် စစ်ကောင်စီဘက်က ရက်ရှည်ကြာ လမ်းပိုင်းပိတ်ဆို့ထားခြင်း ကြောင့် ဒေသခံတို့ စားနပ်ရိက္ခာများ ကြိုတင်စုဆောင်းနေကြသည်ဟု သိရသည်။

ရေး – ကျုံလောင်းလမ်းပိုင်းကို စစ်ကောင်စီအဖွဲ့တို့က သွားလာခွင့်နှင့် ကုန်ပစ္စည်းတင်သွင်းခွင့် ကန့်သတ်ထားဆဲဖြစ်သည့်အပြင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်နေ့က ခေါဇာအခြေစိုက် စစ်ကောင်စီ ခလရတပ်စခန်းကို မွန်ပြည်သစ်ပါတီ NMSP-AD က ဝင်ရောက်တိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

ထို့အခြေအနေကြောင့် လတ်တလော၌ တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသည့် ခေါဇာ၊ ကျုံးညဲ၊ မိထောလှလေး၊ မိထောလှကြီး၊ မန်းကျည်း စသည့်ကျေးရွာများမှ ဒေသခံတို့က ယခုဇန်နဝါရီလ တတိယအပတ်မှစ၍ ဆန်၊ ဆေးဝါးနှင့် အခြားတကိုယ်ရေအသုံးအဆောင်တို့ကို ရေးမြို့မှတစ်ဆင့် သယ်ယူစုဆောင်းလာကြသည်ဟု ရေးတောင်ပိုင်း ဒေသခံများက ပြောသည်။

“လူတွေက တိုက်ပွဲတွေ ဖြစ်လာမှာကြောက်တယ်လေ။ စစ်ကောင်စီက လမ်းပိတ်လိုက်မှာလဲကြောက်လို့ ဆန်တွေ၊ စားနိပ်ရိက္ခာတွေ စုဆောင်းနေကြတယ်။ အခုချိန်မှာ တိုက်ပွဲဖြစ်ရင် သူတို့ကလမ်းပိတ်ပြီး စားစရာတွေ မပေးသယ်နေဘူးလေ” ဟု ရေးတောင်ပိုင်းဒေသခံတစ်ဦးက ပြောသည်။

ထိုသို့သယ်ယူစုဆောင်းရာတွင် ရေး- ခေါဇာ လမ်းပိုင်းရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တို့က ကုန်ပစ္စည်းတင်သွင်းမှု တို့ကို ကန့်သတ်လာကြောင်းနှင့် ဆန်တစ်အိတ်ထက် ပိုသယ်ဆောင်လိုပါက စစ်ဆေးရေးဂိတ်ထံ ဖုန်းဆက်အကြောင်းကြားထားရကြောင်း ရေးဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ဆန်တွေ အများကြီးသယ်လာရင် သူတို့ကမေးပြီ။ မြို့ကနေ ပစ္စည်းတွေ သိပ်မပေးချချင်ဘူး။ တကယ်လို့ ကိုယ်က ဆန်ချလာရင်၊ ရောင်းဖို့အတွက်ဆိုပြီး သူတို့ (စကစ) ဆီကို ဖုန်းအရင်ဆက်ရတယ်။ သူတို့ခွင့်ပြုမှ ချရတာ၊ ကားတစီးကို နှစ်အိတ်ပဲ ပေးတင်တယ်” ဟု အဆိုပါရေးဒေသခံအမျိူးသမီးက ပြောသည်။

ဆန်ဝယ်ယူစုဆောင်းမှုများခြင်းကြောင့် ရေးမြို့ပေါ်တွင် စားကုန်ပစ္စည်း ဈေးမြင့်တက်လာပြီး အခြေခံလူတန်းစား အများစုမှာ ဝယ်ယူစုဆောင်းမှု မလုပ်နိုင်ကြောင်းလည်း ရေးဒေသခံအမျိူးသမီးက ပြောဆိုသည်။

ရေး – ကျောင်းရွာလမ်းပိုင်းနှင့် ရေး- ကျူံလောင်းရွာဟောင်းရွာလမ်းပိုင်းကို စစ်ကောင်စီတပ်ဖွဲ့မှ ရက် ၂၀ ကျော် ကြာသည်အထိ စားနပ်ရိက္ခာနှင့် သွားလာခွင့်ကန့်သတ်ထားသဖြင့် အခြေခံစားသောက်ကုန်များ ပြတ်လပ်ကာ ဒေသခံနှင့် စစ်ဘေးရှောင်တို့က ဈေးကြီးပေးဝယ်ယူနေရပြီး စားနပ်ရိက္ခာ အခက်အခဲနှင့် ရင်ဆိုင်နေကြရသည်။

ထိုအပြင် ယခုရက်ပိုင်းအတွင်း ခေါဇာမြို့အခြေစိုက် ခလရ-၃၁ အပြင် ရေတပ်မှတဆင့် တော်လှန်ရေးတပ်ဖွဲ့များ တည်ရှိနိုင်သည့် တောတောင်ဘက်သို့ မကြာခဏ လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်နေတာကြောင့် ပြည်သူလူထုများအကြား စိုးရိမ်နေကြပြီး ရွာအနီးနားတွင်လည်း ကျရောက်ပေါက်ကွဲလေ့ရှိကြောင်း ဒေသခံတို့ ပြောဆိုသည်။

IMNA ပေးပို့သည်။