ရေဖြူ စစ်ဆေးရေးဂိတ် စနိုက်ပါနှင့်ပစ်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံး

0
305
ပုံစာ - ရေဖြူ စစ်ဆေးရေးဂိတ်ကို စနိုက်ပါနှင့်ပစ်ခတ်။(Photo-Social Media)

တနင်္သာရီတိုင်း၊ ရေဖြူမြို့၊ ရပ်တော်မူဘုရားအနီး တပ်စွဲထားသည့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို စနိုက်ပါနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

တပ်ဖွဲ့ဝင်အင်အား ၃၀ ကျော် တပ်စွဲနေထိုင်သော ရေဖြူစစ်ဆေးရေးဂိတ်ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့ မနက် ၁၁ နာရီခန့်တွင် ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က စနိုက်ပါနှင့် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

စနိုက်ပါသမား ၃ ဦး၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသည် အခင်းဖြစ်ရာနေရာမှာပင် လဲကျသေဆုံးသွားကြောင်း ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စနိုက်ပါနှင့် ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ပြန်လည် ပစ်ခတ်တာ ရှိခဲ့သော်လည်း အထိအခိုက်မရှိဘဲ ပြန်ဆုတ်လာနိုင်ခဲ့ကြောင်း ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး၏ အလောင်းများကို ယင်းနေ့ညနေပိုင်းမှာ လာရောက် သယ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို DDT တပ်ခွဲ ၃ ၊ ဝေဟင်အဖွဲ့၊ ရေဖြူနှင့် နဂါးနီပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ် ၂၉ ရက်နေ့က ရပ်တော်မူဘုရားအနီးတွင် တပ်စွဲထားသော စစ်ကောင်စီတပ် တိုက်ခိုက် ခံရမှုကြောင့် ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here