ရေဖြူ၊ ကလိန်အောင်ရဲစခန်းက ဒုရဲအုပ်အပါအဝင် ရဲ ၃ ဦး တိုက်ခိုက်ခံရပြီးသေဆုံး

0
288
Photo - MOI

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မိုင် ၆၀ ကျေးရွာအနီး ထားဝယ်-မော်လမြိုင် ကားလမ်းတွင် ကလိန်အောင်ရဲစခန်း က ဒုရဲအုပ်အပါအဝင် ၃ ဦး တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားကြောင်း ဒေသခံများနှင့် တော်လှန်ရေး အင်အားစုများ၏ ပြောဆိုချက်အရ သိရသည်။

ဒီဇင်ဘာ ၁၂ ရက်နေ့ နံနက် ၈ နာရီခွဲ အချိန်ခန့်က မလွှဲတောင်စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးထားသည့် မူးယစ်ဆေးဝါးများ သယ်ဆောင်ရန် ကားနှစ်စီးနှင့် ထွက်လာသည့် ကလိန်အောင်ရဲစခန်းမှူးနှင့်အဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ကြားဖြတ်တိုက်ခိုက်ခံရမှုကြောင့် ဒုရဲအုပ် နိုင်မင်းအောင်၊ ရဲတပ်ကြပ်ကြီး မောင်နုနှင့် ရဲတပ်သား ၁ ဦးတို့သည် နေရာမှာပဲ သေဆုံးသွားပြီး စခန်းမှူးလိုက်ပါလာသည့်ကားမှာ ပြန်လှည့်မောင်းပြေးသွားကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါသည်။

သေဆုံးသွားသည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့များထံမှ သေနတ် ၃ လက်၊ ဖုန်းအပါအဝင် ဆက်စပ်ပစ္စည်းများကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

တိုက်ခိုက်ခံရပြီး သေဆုံးသွားသော ရဲတပ်ဖွဲ့ဝင်များ၏ အလောင်းကို ရဲနှင့်စစ်တပ်ဘက်က သွားရောက် ကောက်ယူပေးခြင်းမရှိဘဲ မိသားစုဝင်များက လာရောက်ကောက်ယူပြီး ကလိန်အောင်ဆေးရုံသို့ ပို့ပေးခဲ့ရ ကြောင်းလည်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ခဲ့မှုနှင့် ပတ်သက်ပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့များဘက်က လတ်ရှိအချိန်ထိ သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်နေ့ကလည်း ရေဖြူမြို့နယ် မူးဒူးကျေးရွာထဲကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ၅ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့ပါသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here