ရေဖြူမြို့နယ် ဒေသခံ ၃၀ နီးပါး လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရ

0
283

တနင်္သာရီတိုင်း ရေဖြူမြို့နယ်ထဲကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်က ဒေသခံ ၃၀ နီးပါးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားကြောင်း ဒေသခံတွေနှင့် တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောသည်။

တပ်အင်အား ၅၀ ကျော်ပါသည့် စစ်ကောင်စီ စစ်ကြောင်းဟာ မေ ၈ ရက်နေ့ နံနက်ပိုင်းတွင် ရေဖြူမြို့နယ် ဝက်ချောင်းကျေးရွာထဲ ဝင်ရောက်လာပြီး ဒေသခံအမျိုးသား၊အမျိုးသမီး ၂၀ နီးပါးကို လူသားဒိုင်းအဖြစ် ဖမ်းဆီး သွားခဲ့ပါသည်။

ယင်းနောက် စစ်ကောင်စီ စစ်ကြောင်းဟာ ခမောက်ချောင်းကျေးရွာထဲသို့ ထပ်မံဝင်ရောက်လာပြီး ဒေသခံ ၁၀ နီးပါးကို ဖမ်းဆီးသွားပြီးနောက် ခမောက်ချောင်းကျေးရွာ စာသင်ကျောင်းတွင် တပ်စွဲနေကြောင်း ဒေသခံ တစ်ဦးကပြောကြားခဲ့ပါသည်။

စစ်ကောင်စီတပ်ဟာ သူတို့လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားသေည ဒေသခံတွေကို စာသင်ကျောင်းထဲတွင် ထိန်းသိမ်းထားပြီး တချို့ကိုတော့ လက်ပြန်ကြိုးတုပ် ဖမ်းဆီးထားကြောင်း ဒေသခံတွေထံမှ သိရပါသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်စစ်ရေး တင်းမာနေပြီး တိုက်ပွဲများ ပြင်းထန်လာနိုင်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါသည်။

စစ်ကောင်စီတပ်ဟာ ယခုနောက်ပိုင်းတွင် တနင်္သာရီတိုင်းထဲက ကျေးရွာများဘက်ကို စစ်ကြောင်းထိုးပါက ဒေသခံများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်းများ ဆက်တိုက်ကျူးလွန်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဧပြီ ၂၆ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ် ရငဲနှင့်ဝဲရစ်ကျေးရွာများဘက်ကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးစဉ် ဒေသခံ ၁၀၀ နီးပါကို ဖမ်းဆီးထားပြီး ၂ ရက်အကြာမှာ ပြန်လွှတ်ပေးကာ စစ်ကြောင်းပြန် ဆုတ်သွားခဲ့သည်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here