မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းနယ်စပ်ရှိ ရေဖြူမြို့နယ်၊ မလွှဲတောင်စစ်ဆေးဂိတ်ကို တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်လာတာကြောင့် မလွှဲတောင်အနီးဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေသည်ဟု သိရသည်။
မလွှဲတောင်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မတ်လ ၂၉ ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ ၁၀ မိနစ်ကြာ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် မွန်းလွဲ ၂ နာရီခန့်ကစပြီး မလွှဲတောင် အနီးတဝိုက်ရှိ အလယ်စခန်း၊ လော့သိုင်း၊ ကျွဲတလင်း၊ ရာဖူးကျေးရွာဘက်သို့ စစ်ကောင်စီဘက်က လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်လာသည်ဟု ရေဖြူဒေသခံများက ပြောဆိုသည်။
ရေဖြူဒေသခံတစ်ဦးက “မလွှဲတောင်မှာ ပစ်ခတ်ပြီးတာနဲ့ လေယာဉ်နဲ့လာပြီး ဒီဘက်ရွာတွေကို စပစ်တာပဲ၊ သူတို့ပစ်ချလာတာ ဒီကြောင်လျှာကွင်းထိက ၁၂ လုံးလောက် ရှိမယ်၊ ရွာသားတွေလည်း ကြောက်တာမှမပြောနဲ့ အကုန်လုံး ဝပ်နေကြရတာ” ဟု ပြောဆိုသည်။
စစ်ကောင်စီက လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရာဖူးကျေးရွာမှ အသက်ကြီးပိုင်းအမျိုးသမီးတစ်ဦး ကျည်စထိမှန် ဒဏ်ရရှိခဲ့ပြီး ကျောက်တလင်းကျေးရွာရှိ ဆိုင်ကယ်ပြင်ဆိုင်လည်း မီးလောင်ကျွမ်းခဲ့ရသည်ဟု သိရသည်။
လက်ရှိတွင် မတ် ၂၉ ရက်နေ့ ညနေ ၆ နာရီခန့်၌ အခြေအနေ ပြန်လည်ငြိမ်သက်ခဲ့သော်လည်း အလယ်စခန်း၊ လော့သိုင်း၊ ကျောက်တလင်း၊ ရာဖူးကျေးရွာဘက်မှ ဒေသခံပြည်သူများသည် ဘေးလွတ်ရာသို့ ပုန်းခိုနေဆဲဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။
ပစ်ခတ်တိုက်ခိုက်ခံရမှု ဖြစ်ပွားပြီးနောက် မလွှဲတောင်စစ်ဆေးရေးဂိတ်ကို ပိတ်ထားသည်ဟုလည်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။
ပြီးခဲ့သည် မတ်လ ၂၃ ရက်နေ့တွင်လည်း ရေဖြူမြို့နယ်၊ မင်းသားကျေးရွာရှိ စစ်ကောင်စီတပ်စခန်းနှင့် မလွှဲတောင်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်စခန်းတို့ကို မွန်ပြည်တော်လှန်ရေးတပ် MSRF နှင့် မဟာမိတ်ပူးပေါင်း တပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
အလားတူ မတ်လ ၁၉ ရက်နေ့တွင်လည်း ရေး- ထားဝယ် ကားလမ်းပိုင်းရှိ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို နယ်မြေစိုးမိုးမှု ရယူနိုင်ခဲ့ကြောင်းလည်း မွန်ပြည်တော်လှန်ရေးတပ် MSRF နှင့် ဒေါနစစ်ကြေင်းအပါအဝင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့က နယ်မြေစိုးမိုးမှု ရယူနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
IMNA ပေးပို့သည်။