ရေတာရှည်မြို့ရှိကျေးရွာ ၅ ရွာကို စစ်ကောင်စီက တိုက်ပွဲမဖြစ်ဘဲဗုံးကြဲလို့ ဒေသခံထောင်ချီ ထွက်ပြေးနေကြရ

0
231

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့ရှိ ကျေးရွာ ၅ ရွာကို စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံထောင်နှင့်ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့က ရေတာရှည်မြို့ရှိ ကျွန်းတောကုန်း၊ နကျပ်၊ ပိတောက်ကုန်း၊ စည်ပိုင်း အစရှိသည့် ကျေးရွာ ၅ ရွာကို စစ်ကောင်စီတပ်က လေယာဥ် ၃ စီးဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ဒေသခံပြည်သူ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်ထိ နေအိမ်မပြန်နိုင်သေးကြောင်း စစ်ရှောင်အရေးကူညီနေသူများက ပြောသည်။

စစ်ရှောင်ကူညီသူအမျိုးသားတစ်ဦးက “အဲဒီနေ့ကရော အဲဒီအရင်ကရော တိုက်ပွဲမဖြစ်ဘူး။ ၅ ရွာလုံးကတော့ အဲဒီနေ့ကတည်းက ရှောင်နေရတယ်။ အခြေအနေကြည့်ပြီး ပြန်နေတဲ့သူတချို့လည်း ရှိတယ်။ တစ်ရွာကို လူပေါင်း ၇၀၀ နီးပါးလောက်ရှိတော့ ရွာတွေပေါင်းလိုက်ရင် ထောင်ချီရှိပါတယ်” ဟု ဆိုသည်။

လုံခြုံရေးအခြေအနေကြောင့် နေရပ်သို့ ပြန်နိုင်ခြင်းမရှိသေးသည့် ဒေသခံစစ်ရှောင်ပြည်သူများသည် နေထိုင်ရေးနှင့် စားဝတ်နေရေးအတွက် လတ်တလောတွင် ၎င်းတို့ဘာသာ ဖြေရှင်းနေရသည်ဟု အဆိုပါ စစ်ရှောင်ကူညီနေသူက ဆက်ပြောသည်။

“အခုလောလောဆယ်တော့ ကျနော်တို့လည်း သူတို့ကို ထောက်ပံ့ပေးနိုင်တဲ့ အနေအထားမရှိသေးတော့ သူတို့ဘာသာ စားသောက်နေထိုင်ရေးအတွက် ဖြေရှင်းနေရတယ်။ ကျနော်တို့နေရာမှာက စစ်ရှောင်စခန်းရယ် လို့တော့ သီးသန့်ဖွင့်ထားတာမရှိတော့ ဆွေမျိုးနီးစပ်ရာ ပြောင်းနေနေကြရတာပဲ” ဟု ၎င်းက ပြောသည်။

အဆိုပါကျေးရွာ ၅ ရွာ လေကြောင်းတိုက်ခိုက်ခံရမှုတွင် ဒေသခံအမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး နေအိမ်ပျက်စီးမှုအခြေအနေနှင့် နောက်ဆက်တွဲအသေးစိတ်ကို အတည်ပြုနိုင်ခြင်းမရှိသေးပါ။

ဒေသခံအမျိုးသားတစ်ဦးက “ခန့်မှန်းပြီး ကြဲတာလို့ထင်တယ်။ လောလောဆယ် လူတွေကတော့ တောထဲမှာပဲ လျှောက်ပုန်း နေကြသေးတာပေါ့နော်” ဟု ပြောဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း တောင်ငူခရိုင်၊ သံတောင်ကြီးအထူးဒေသ နယ်မြေအတွင်းရှိ ကန်လှရွာအား စစ်ကောင်စီက မီးရှို့ဖျက်ဆီးသဖြင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျ၍ ဒေသခံအများအပြား နေအိမ်မဲ့ရပြီး ပြန်လည်ထူထောင်ရေးအတွက် အကူအညီလိုအပ်နေကြောင်း နယ်မြေအခြေစိုက်စစ်ရှောင်ကူများက ပြောပါသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here