5 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းရေကြည်မြို့ကိုစစ်ရှောင်လာသည့် အမျိုးသမီးများအပါအဝင် ရခိုင်ဒေသခံ ၉ ဦးကို AA သံသယဖြင့် ဖမ်းဆီး

ရေကြည်မြို့ကိုစစ်ရှောင်လာသည့် အမျိုးသမီးများအပါအဝင် ရခိုင်ဒေသခံ ၉ ဦးကို AA သံသယဖြင့် ဖမ်းဆီး

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်တွင် စစ်ဘေးရှောင်လာသည့် အမျိုးသမီးများအပါအဝင် ရခိုင်ဒေသခံ ၉ ဦးကို စစ်ကောင်စီတပ်က အာရက္ခတပ်တော် (AA) နှင့် ဆက်စပ်သည့် သံသယဖြင့် ဖမ်းဆီးထားသည်ဟု သိရသည်။

ဖမ်းဆီးခံထားရသည့် အမျိုးသမီးများအပါအဝင် ရခိုင်ဒေသခံ ၉ ဦးမှာ ရခိုင်ပြည်၊ ဂွမြို့နယ်နှင့် အမ်းမြို့နယ်မှ စစ်ဘေးရှောင်လာကြသူများဖြစ်ကြပြီး အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ဖြစ်သည်ဟု ဆိုသည်။

အဆိုပါဖမ်းဆီးခံရသူများကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက်၊ နေ့လယ်ပိုင်းက ဂွ – ငါးသိုင်းချောင်းအနီးတွင် အခြေစိုက်ထားသည့် အမြောက်တပ် ၃၄၄ မှ စစ်ကောင်စီတပ်သားများက ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဖမ်းဆီးခံရသူများနှင့် နီးစပ်သူများက ပြောသည်။

“အဖမ်းခံရသူတွေက ရခိုင်ကနေ စစ်ဘေးရှောင်လာကြတာပါ။ အမ်းမြို့နယ်က ၄ ယောက်နဲ့ ဂွမြို့နယ်က ၅ ယောက်။ AA နဲ့ ဆက်စပ်တယ်ဆိုပြီး စစ်ဆေးနေရင်းကနေ သံသယနဲ့ ဖမ်းသွားတာပါ” ဟု ဖမ်းဆီးခံရသူများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါဖမ်းဆီးခံရသူများမှာ ရေကြည်မြို့နယ်ရှိ မြောက်စမ်းရွာ၌ လာရောက်စစ်ဘေးရှောင်လာကြသူများဖြစ်သည်ဟုလည်း ၎င်း၏ ပြောဆိုမှုအရ သိရသည်။

ယင်းသို့ ဖမ်းဆီးခံရပြီးနောက် လက်ရှိအချိန်ထိ ၎င်းတို့နှင့်အဆက်အသွယ်မရရှိဘဲ မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ကိုလည်း မသိရဟု ဖမ်းဆီးခံရသူနှင့် နီးစပ်သူများက ပြောသည်။

ယင်းအပြင် အာရက္ခတပ်တော် (AA) ၏ ဧရာဝတီတိုင်း ထိုးစစ်ကြောင့် ကျုံပျော်နှင့် ရေကြည်မြို့နယ်တို့တွင် စစ်ဘေးရှောင်နေကြသည့် ရခိုင်မှ ဒေသခံပြည်သူ ၅၀ ကျော်ကိုလည်း စစ်ကောင်စီက ယခုဇန်နဝါရီလအတွင်း ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ထို့အတူ စစ်ကောင်စီက ညအချိန် ဧည့်စာရင်းဝင်ရောက် စစ်ဆေးခြင်းများ၊ ဖမ်းဆီးစစ်ဆေးမှုများ တင်းတင်းကြပ်ကြပ် ပြုလုပ်နေ၍ စိုးရိမ်နေကြရသည်ဟု ရခိုင်စစ်ရှောင်များက ပြောဆိုကြသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့ကလည်း ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ငရုတ်ကောင်းမြို့အနီးတွင် ရခိုင်မှ စစ်ဘေးရှောင်လာသည့် ဒေသခံ၂၀ ခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သေးသည်။

ဧရာဝတီတိုင်းတွင် ရခိုင်မှစစ်ဘေးရှောင် ဒုက္ခသည် ၇၀ ကျော်ထက်မနည်း ဖမ်းဆီးခံထားရကြောင်း စစ်ဘေးရှောင်ကူညီသူများက ခန့်မှန်းပြောဆိုကြသည်။

နိရဉ္စရာ ပေးပို့သည်။