ရိခေါဒါရ်မြို့တပ်စခန်းက ထွက်ပေးလာသော စစ်ကောင်စီတပ်သား ၂ ဦးကို CNDF က ဖမ်းဆီးထိန်းသိမ်း

0
268
Photo – CNO

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့တပ်စခန်းကနေ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၂ ဦး ကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF က ဇွန်လ ၆ ရက်က ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

အဆိုပါတပ်သား ၂ ဦးမှာ စောနောင်ထွန်း (တသ-၁၂၈၃၂၆) နှင့် အောင်မျိုးကျော် (တသ-၁၂၈၂၄၁) တို့ ဖြစ်ပြီး စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုစိတ် မရှိတော့၍ ကင်းပုန်းတာဝန်ကျရာမှ ဇွန်လ ၄ ရက် က ထွက်ပြေးလာကြခြင်း ဖြစ်သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) သတင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနက ဇွန်လ ၁၀ ရက် တွင် သတင်းထုတ်ပြန်သည်။

တပ်သား ၂ ဦး ကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ စစ်ဆေးရေးဂိတ်တွင် ဇွန်လ ၆ ရက်နေ့က ဖမ်းဆီးထိန်းသိမ်း စောင့်ရှောက်လျှက်ထားပြီး၊ ၎င်းတို့နှင့်အတူ MA1 သေနတ်တလက်၊ ကျည်ဘောက် ၄ ခု၊ ကျည် ၃၃၀ တောင့်၊ MG1 လက်ပစ်ဗုံးတလုံး ပါရှိလာသည် CNO က ဆိုသည်။

အိန္ဒိယ-မြန်မာနယ်စပ်တွင် တည်ရှိသည့် ရိခေါဒါရ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့များ ခြေကုပ်ယူထားသည့် တပ်စခန်း ၂ ခု ရှိပြီး ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် မကြာခဏ ပစ်ခတ်မှု ဖြစ်ပွားလေ့ ရှိသော်လည်း ယခုရက်ပိုင်းအတွင်း ထိတွေ့မှု မရှိကြောင်း သိရသည်။

KMG ပေးပို့သည်

LEAVE A REPLY

Please enter your comment!
Please enter your name here