ရမ်းဗြဲဒေသခံနှစ်ဦး ထောင် ၃ နှစ်အထိ ချမှတ်နိုင်သည့် အိမ်ဥပစာပုဒ်မ ၉ (၁) ဖြင့် အမှုဖွင့်ခံရ

0
237
ပုံစာ - ရမ်းဗြဲမြို့က နေအိမ်နှင့်ဆိုင် ဖြိုဖျက်ခံခဲပြီး ကန့်သတ်တားမြစ်ထားသည်ကို တွေ့ရစဉ်။

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းက နေအိမ်နှင့် ထမင်းဆိုင် ဖြိုဖျက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် ရမ်းဗြဲဒေသခံ ၂ ဦးအား ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ခံရနိုင်သည့် အိမ်ဥပစာပုဒ်မ ၉ (၁) ဖြင့် အမှုဖွင့်ခံလိုက်ရကြောင်း သိရသည်။

အမှုဖွင့်ခံလိုက်ရသူများမှာ ရမ်းဗြဲမြို့၊ အမှတ် (၃) ရပ်ကွက်မှ ဦးအောင်လွင် (၅၇) နှစ်နှင့် ညီဖြစ်သူ ဦးမောင်သန်းဌေး (ခ) မောင်ပွား (၄၀) နှစ် တို့ ဖြစ်ပြီး ၎င်းတို့နှစ်ဦးကို ဇူလိုင်လ ၃ ရက်က လမ်းဦးစီးဌာန၏ ဦးစီးအရာရှိ ဦးငြိမ်းချမ်းက တရားလိုလုပ်ပြီး ၁၉၅၅ ခုနှစ်၊ အစိုးရ အိမ်ရာဥပစာ နှင်ထုတ်ခြင်း အက်ဥပဒေပုဒ်မ ၉ (၁) ဖြင့် ရမ်းဗြဲမြို့မရဲစခန်းတွင် အမှုဖွင့်လိုက်ခြင်းဖြစ်သည်ဟု ဦးအောင်လွင်၏ သားဖြစ်သူက ပြောသည်။

ဖြိုဖျက်ခံရသည့် ခြံနေရာသည် ရမ်းဗြဲမြို့၏ အချက်အချာကျသည့် အမှတ် (၃) ရပ်ကွက်၊ စိုးမဲကျီလမ်းရှိ အနံပေ ၅ဝ၊ အလျားပေ ၇ဝ ကျော် ရှိသည့်မြေတွင် နေအိမ်နှင့်အတူတွဲ၍ ထမင်းဆိုင် ရောင်းချနေခြင်းဖြစ်သည်။

အဆိုပါ ခြံနေရာကို ဆောက်လုပ်ရေးဝန်ကြီးဌာနက အထောက်အထားတစ်စုံတစ်ရာ မပြနိုင်ဘဲ ၎င်းတို့ဌာနက ပိုင်ဆိုင်သည်ဟုဆိုပြီး အကြိမ်ကြိမ် တောင်းဆိုခြင်း ခံနေရသည့်ခြံလည်း ဖြစ်သည်ဟု ၎င်းတို့၏မိသားစုဝင်များက ပြောသည်။

အဆိုပါဆိုင်နှင့် နေအိမ်အား ဇူလိုင်လ ၃ ရက်တွင် ရဲတပ်ဖွဲ့ဝင် ၄ဝ ဦးခန့် အပါအဝင် မီးသတ်၊ စည်ပင်၊ ဆောက်လုပ်ရေး စသည့် ဌာနဆိုင်ရာ ၅ ခု မှ အင်အား ၁ဝဝ နီးပါးက လာရောက်၍ အင်အားသုံး ဖြိုဖျက်ခြင်းခံခဲ့ရသည်ဟု ဦးအောင်လွင်၏သားဖြစ်သူက အခုလို ပြောသည်။

“ကျနော်တို့အားလုံး အိုးအိမ်တွေလည်း ဆုံးရှုံးသွားပြီ။ နေစရာလည်း မရှိလိုက်တော့ဘူး။ ဒါကြောင့် အမှု မဖွင့်ဖို့ပေါ့။ ကျန်းမာရေးကိစ္စတွေလည်း စိုးရိမ်ရတဲ့အတွက် ငွေကုန်ကြေးကျခံလို့ ရဲစခန်းသွားမယ်။ ထမင်းပေးဖို့လည်း ငွေကုန်ကြေးကျခံဖို့လည်း ငွေအင်အားလည်း မရှိဘူးလေ။ ဖျက်ဆီးခံရတဲ့အပေါ်မှာ ဒီလို အမှု မဖွင့်ဖို့ပေါ့။ အမြန်ဆုံး ပြေငြိမ်းလိုက်ဖို့ပေါ့လေ။ ကျန်းမာရေး ကိစ္စတွေကို ထည့်တွက်ပြီးတော့ အမြန်ဆုံး ပြေငြိမ်းလိုက်ဖို့ ပြောချင်ပါတယ်” ဟု ဦးအောင်လွင်၏ သားဖြစ်သူက ပြောသည်။

ယင်းသို့ ဖြိုဖျက်နေမှုကို အိမ်ပိုင်ရှင် ဦးအောင်လွင်နှင့်အတူ တားဆီးခဲ့သည့် ညီဖြစ်သူ ဦးမောင်သန်းဌေး (ခ) မောင်ပွားတို့ နှစ်ဦးကို ရမ်းဗြဲမြို့ ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး မြို့မရဲစခန်း၌ ချုပ်နှောင်ထားပြီး ယခုကဲ့သို့ အမှုဖွင့်လိုက်ခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

အမှုဖွင့်ခံထားရသူနှစ်ဦးနှင့် မိသားစုဝင်များ စခန်းအတွင်း တွေ့ဆုံခွင့်ရထားပြီး ဦးအောင်လွင်တွင် အစာအိမ်ရောဂါ ခံစားနေရ၍ ပြင်ပတွင် ဆရာဝန်နှင့် ပြသလိုကြောင်း တောင်းဆိုထားသော်လည်း စခန်းက အဖြေမပေးသေးဟု သားဖြစ်သူ ပြောသည်။

၎င်းတိုနှစ်ဦး အမှုဖွင့်ခံလိုက်ရသည့် ပုဒ်မ ၉ (၁) မှာ ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် ၃ နှစ်အထိဖြစ်စေ၊ ဒဏ်ငွေ ကျပ်တစ်သိန်းမှ ငါးသိန်း ကျပ် အထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခံရနိုင်သည်ဟု သိရသည်။

ယင်းနေ့က ဖြိုဖျက်ခံလိုက်ရသည့် ဦးအောင်လွင်၏ခြံမြေကို လာဖြိုသူများက မကျူးကျော်ကြရန် တားမြစ်ကာ ခြံခတ်သွားခဲ့ကြသည်ဟု မိသားစုဝင်များနှင့် မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက် ကလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ပိုင်ဆိုင်မှု တစုံတရာမျှမပြနိုင်ဘဲ လူဦးရေ ၁၀၀ ကျော်က လာရောက်ပြီး အဆိုပါခြံရှိ ထမင်းဆိုင်နှင့် နေအိမ်ကို စက်ကြီးများဖြင့် အကြမ်းဖက်ဖယ်ရှားရန် ပြုလုပ်ခဲ့ရာ ရပ်ကွက်နေပြည်သူများက ဝင်ရောက်ညှိနှိုင်းမှုကြောင့် ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု သိရသည်။

မြို့ခံများနှင့် အိမ်ပိုင်ရှင်မိသားစုများ၏ ပြောဆိုချက်အရ အဆိုပါ မြေနေရာသည် ယခင် နှစ်ပေါင်း ၁ဝဝ ကျော်ခန့်က သူဌေးကြီးတစ်ဦးက ဘိုတဲအဖြစ် ဆောက်လုပ်နေထိုင်ခဲ့ပြီး နောက်ပိုင်းတွင် ယင်းနေရာမှ ပြောင်းသွားခဲ့သည်ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ကလည်း အဆိုပါ မြေနေရာကို ဆောက်လုပ်ရေး ဝန်ကြီးဌာနက ပိုင်ဆိုင်သည်ဟုဆိုကာ ဆောက်လုပ်ရေးဝန်ကြီးဌာနက နေအိမ်ပိုင်ရှင်ကို တရားစွဲဆိုခဲ့ပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာနက ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ မပြနိုင်ခဲ့၍ တရားရုံးက အဆိုပါတရားစွဲဆိုမှုအား ပယ်ချခဲ့သည်ဟု မြို့ခံများက ပြောသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here