ရမ်းဗြဲတွင် လက်ကျန်စစ်ကောင်စီတပ်သားများနှင့် ရက္ခိုင့်တပ်တော် AA တိုက်ပွဲဖြစ်ပွား

0
184

ရမ်းဗြဲ မြို့သိမ်းတိုက်ပွဲအတွင်းမှ ထွက်ပြေးနေသော လက်ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နေဗီသို့ ဆင်းပြေးရန် ကြိုးစားနေစဉ်အတွင်း မတ်လ ၁၂ ရက် ညနေ ၃ နာရီ ကျော်ခန့်တွင် သပြုချိန်ကျေးရွာအနီး၌ ရက္ခိုင့်တပ်တော် (AA) နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ရမ်းဗြဲမြို့ကို (၈၅) ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် မတ် ၁၁ ရက်နေ့တွင် ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းယူပြီးနောက် စစ်ကောင်စီတပ်သားများသည် ကစဉ့်ကလျားထွက်ပြေးနေကြပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များအား လိုက်လံဖမ်းဆီးလျက်ရှိသည်ဟု ရက္ခိုင့်တပ်တော် AA က မတ်လ ၁၀ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

ယင်းအပြင် စစ်ကောင်စီသည် လေကြောင်းမှ ရမ်းဗြဲမြို့နယ်ရှိ ကျေးရွာများအား ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီးကြီးတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၄ လုံးပျက်စီးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

မတ်လ ၁၂ ရက်နေ့တွင် စစ်ကောင်စီတပ်က ရမ်းဗြဲမြို့နှင့် အနီးအနားကျေးရွာများကို အပြင်းအထန် လေကြောင်းသုံး တိုက်ခိုက်သည့်အပြင် ရေတပ်ဇက်နေဗီ (Navy) မှ လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

“ဒီနေ့ ရမ်းဗြဲမြို့မှာ လေယာဥ်တွေ တအားသုံးနေတာပါ။ ဘယ်နှစ်စီးနဲ့ ဘယ်နှစ်ခေါက်လဲတောင် မရေတွက် နိုင်တော့ဘူး။ Y-12 နဲ့ နှစ်ခေါက်၊ ဂျက်ဖိုက်တာကတော့ ခန့်မှန်းလို့တောင် မရတော့ဘူး။ ကျောက်ချောင်း ဘက်ကိုလည်း တရက်လုံး နေဗီနဲ့ပစ်တယ်။ သပြုချိန်မှာတော့ လက်နက်ကြီးထိလို့ အိမ် ၄ လုံးပျက်တယ်။ နွားတစ်ကောင် သေပါတယ်။ လူထိခိုက်မှုတော့ မရှိပါဘူး” ဟု သပြုချိန်ကျေးရွာသားတစ်ဦးက ပြောသည်။

မတ်လ ၁၁ ရက် နံနက် ၁၁ နာရီခန့်တွင်လည်း ဂျက်ဖိုက်တာဖြင့် လေးတောင်တိုက်နယ်အတွင်းကို ဗုံး ၃ လုံး ကြဲချခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါတိုက်နယ်အတွင်းရှိ ငပြီချောင်းကျေးရွာတွင် ဗုံးတစ်လုံးကျရောက်ပြီး အသက် (၆၅) နှစ်အရွယ် ဒေါ်မအုံးရွှီ၏ ညာဘက်ခြေထောက် ဒဏ်ရာရရှိသွားကြောင်း ရွာသားတစ်ဦးက ပြောသည်။

“ ၁၁ နာရီ ၂ မိနစ်လောက်ကပါ။ လေးတောင်တိုက်နယ်ကို ဂျက်နဲ့ ၃ လုံးကြဲချပြီး လှည့်ပတ်နေခဲ့တာ။ အဲ့ဒါ ငပြီချောင်းမှာလည်းကျပြီး အသက်ကြီးအမျိုးသမီးမှာ ခြေထောက်ထိသွားတာ” ဟု ၎င်းက ပြောသည်။

ရက္ခိုင့်တပ်တော် AA က ရမ်းဗြဲမြို့ဒေသခံများအနေဖြင့် မိမိတို့နေအိမ်များသို့ ချက်ချင်းဝင်ရောက်မှုကို စောလျင်စွာ မပြုလုပ်ကြရန် မေတ္တာရပ်ခံ ပန်ကြားထားကြောင်း သိရသည်။

၃ လနီးပါးကြာ တိုက်ပွဲအပြင် စစ်ကောင်စီက ထောင်ထားသည့် စွန့်လွှတ်မိုင်း၊ နင်းမိုင်း၊ တိုက်မိုင်းအန္တရာယ် ကင်းစေရေးအတွက် မိုင်းရှင်းလင်းရေးအစီအစဉ်ကို ပြုလုပ်ရမည်ဖြစ်သဖြင့် ထိုသို့ မေတ္တာရပ်ခံထားသည်ဟု ရက္ခိုင့်တပ်တော် AA ပြောဆိုထားသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here