ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသအနီး စစ်ရေးတင်းမာနေ

0
181
Photo – Social Media

ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသအနီးတဝိုက်တွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) နှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်တို့အကြား စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေဆဲဖြစ်သည်ဟု မြေပြင်သတင်းရင်းမြစ်များက ပြောသည်။

ကျောက်ဂူဒေသတွင် နှစ်ဖက်အကြား တိုက်ပွဲများပြင်းထန်လျက်ရှိပြီး လာမည့်ရက်ပိုင်းတို့တွင် မြေပြင်ရော ဝေဟင်မှပါ တိုက်ခိုက်မှု ထပ်မံပြုလုပ်လာနိုင်သည်ဟု မြေပြင်သတင်းရင်းမြစ်များက ပြောဆိုသည်။

DPLF စစ်ဖက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ကိုအမောင်က “စစ်ရေးအခြေနေကတော့ ၂ ဖက်တပ်တွေ ဆိုင်ထားတုန်း ရှိနေပါသေးတယ်။ စစ်ရေးဗျူဟာကတော့ အနည်းအကျဉ်းတော့ ပြောင်းလဲလာတာတွေရှိတယ်။ ပြည်သူ့စစ်တချို့ ထုတ်သုံးလာတာတော့ တွေ့ရတယ်။ စကစရဲ့ကျရှုံးမှု အပိုင်းမှာကြတော့ ဇန်နဝါရီလထဲမှာ ထိတွေ့တိုက်ပွဲတွေတော့ ဖြစ်တယ်” ဟု ပြောသည်။

ဇန်နဝါရီ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံး ၅၆ လုံးတိတိ ကြဲချတိုက်ခိုက်ခဲ့ရာ ကျောက်ဂူဒေသ၊ လွယ်ဟောင်ကျေးရွာတွင် နေထိုင်သည့် အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦး၊ အသက် ၄၀ နှင့် ၅၀ ဝန်းကျင် အမျိုးသမီး ၂ ဦးတို့ ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု ၎င်းက ဆိုသည်။

ထို့အပြင် ထိခိုက်ဒဏ်ရာရသူလည်း ၁၃ ဦး အထိရှိပြီး DPLF ဆေးအဖွဲ့မှ ကုသပေးလျက်ရှိသည်ဟု ကိုအမောင်က ဆက်လက်ပြောဆိုသည်။

“လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူလူထု ၁၃ ဦး ဒဏ်ရာရရှိသွားတာတော့ရှိတယ်။ ၄ ဦးတော့ အနည်းငယ် စိုးရိမ်ရတယ်။ လက်ရှိမှာတော့ ကျနော်တို့အနေနဲ့ ဆေးကုသပေးလျက် ရှိပါတယ်” ၎င်းက ပြောသည်။

အလားတူ ဇန်နဝါရီ ၁၄ ရက်နှင့် ၁၅ ရက်နေ့ကလည်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်ဂူဒေသတွင် လူနေအိမ် ၂ လုံး မီးလောင်ပြာကျပျက်စီးခဲ့ပြီး အမျိုးသားတစ်ဦးလည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့သေးသည်ဟု ကျောက်ဂူဒေသခံများက ပြောဆိုကြသည်။

ကျောက်ဂူ၊ ပယင်းကုန်း၊ ထမင်းပေါင်း စသည့်ကျေးရွာများက ဒေသခံပြည်သူများသည် ဇန်နဝါရီလ ၁၀ ရက်နေ့ကစ၍ စစ်ဘေးရှောင်ခဲ့ကြရပြီး စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကျောက်မီးခတ်၊ ခဲကြားနှင့် လွယ်ဟောင်ကျေးရွာများပါ ဇန်နဝါရီလ ၁၈ ရက်နေ့မှစ၍ တိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

ကိုအမောင်က “အဓိကတော့ ပြည်သူ့လူထုအနေနဲ့ ဘေးကင်းလုံခြုံစွာ စစ်ရှောင်ကြဖို့ရယ်၊ နောက်တခုက စစ်ရေး ပစ်မှတ်နဲ့ နီးတဲ့နေရာတွေမှာ စစ်မရှောင်ဖို့ရယ်၊ အဲဒီဟာကတော့ ကျနော်တို့လည်း ပြောချင်ပါတယ်။ အဓိကတော့ စစ်ရေးဖြစ်နေတဲ့ ဒေသတွေပဲ ပြောချင်ပါတယ်” ဟု ပြောသည်။

DPLF အနေဖြင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများအပါအဝင် ရှမ်းတောင်ဒေသများသို့ ထိုးဖောက်ဝင်ရောက်လျက်ရှိပြီး နောင်ချိုမြို့၊ တောင်းခမ်းကျေးရွာတွင်လည်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် မဟာမိတ်ပြု၍ စစ်ကောင်စီတပ်နှင့် စစ်ရေး ဆက်လက်တင်းမာနေဆဲလည်း ဖြစ်သည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here