ရပ်ကွက်အုပ်ချုပ်ရေး ရုံးစာရေးက ကလေးသူငယ်တစ်ဦးကို သေနတ်ဖြင့် ပစ်သတ်

0
387
ပုံစာ - မိုင်းပါး ကျေးရွာအတွင်းပိုင်းတနေရာကို တွေ့ရသည်။

သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ စာရေးဖြစ်သူသည် အသက် ၁၆ နှစ်အရွယ် အမျိုးသား ကလေးသူငယ်တစ်ဦးကို သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့တွင် သိန္နီမြို့နယ်၊ မိုင်းပါးကျေးရွာအုပ်စု၊ မန်လုံကျေးရွာနေ အသက် ၁၆ နှစ် ဝန်းကျင်ရှိ အမျိုးသား ကလေးသူငယ် နှစ်ဦးကို သေနတ်ကိုင်ဆောင်ထားသည့် ရပ်ကွက်စာရေးမှ သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း ဒေသခံများက ပြောသည်။

ဖြစ်စဉ်မှာ သိန္နီမြို့နယ် မိုင်းပါးကျေးရွာအုပ်စု၊ မန်လုံကျေးရွာနေ အသက် ၁၆ နှစ်အရွယ် ကလေးသူငယ် နှစ်ဦးသည် ကုန်းညောင်ကျေးရွာဘက် ဆိုင်ကယ်မောင်းနှင်သွားစဉ် သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများက ပြောသည်။

ဖြစ်စဉ်ကို သိရှိသည့် ဒေသခံအမျိုးသားတစ်ဦးက “ဆိုင်ကယ်တစ်စီးကို နှစ်ယောက်စီနဲ့ မျက်နှာချင်းဆိုင် မောင်းလာကြတာပေါ့၊ သေနတ်ပစ်လိုက်တဲ့ သူက အိုက်စိုင်းလို့ ခေါ်တယ်။ သူက သိန္နီထွေအုပ်ရုံးက ခန့်တဲ့ ရပ်ကွက်စာရေး ဖြစ်တယ်။ အရင်က သိန္နီမြို့က ပန်းဆေး ပြည်သူ့စစ်နဲ့လည်း ပတ်သက်နေတဲ့သူ ဖြစ်တယ်။ ကလေးနှစ်ယောက် ဆိုင်ကယ်မောင်းလာတာကို သေနတ်နဲ့လှမ်းပစ်တာ၊ နောက်က လိုက်စီးတဲ့ကလေး ခေါင်းမှန်ပြီး ပွဲချင်းပြီး သေသွားတယ်” ဟု ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်သူသည် သိန္နီမြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ စာရေး ဖြစ်သည့်အပြင် သေနတ်တစ်လက် ခါးကြားထိုးပြီး မိုင်းပါးကျေးရွာ အုပ်စုအတွင်း ဝင်ထွက်သွားလာလေ့ ရှိသူလည်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် သေဆုံးသည့် ကလေးသူငယ်၏ ရုပ်အလောင်းကိုလည်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှ တပ်သားများက ရွာထဲပြန်သယ်ခွင့် မပေးကြောင်း ဒေသခံများက ဆက်ပြောသည်။

“ရွာထဲကို အလောင်းပြန်သယ်ပြီးမှ ကိုယ်စားဆွမ်းသွပ်မလို့ မိဘတွေက ပြင်ဆင်တာပေါ့၊ ဒါပေမဲ့ စစ်ကောင်စီက ရွာထဲ ပေးမဝင်ဘူး၊ အဲ့ကြောင့် ရွာအပြင်မှာပဲ လုပ်ရတယ်” ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။

သေနတ်ဖြင့် ပစ်သတ်သည့် ရပ်ကွက်စာရေး အိုက်စိုင်းသည် ထွက်ပြေးတိမ်းရှောင်နေကြောင်းနှင့် သေဆုံးမှုနှင့်ပတ်သက်ပြီး သေဆုံသူ ကလေးသူငယ် မိဘနှင့်ဆွေမျိုး အသိုင်းအဝိုင်းများက အိုက်စိုင်းကို တာဝန်ယူမှု ရှိစေချင်ကြောင်းနှင့် တရားဥပဒေအရ ပြစ်ဒဏ်ကျခံ စေချင်ကြောင်း ပြောဆိုသည်။

လက်ရှိတွင် မိဘဆွေမျိုးများက ၎င်းတို့၏သားဖြစ်သူကို ပစ်သတ်သည့် အိုက်စိုင်းကို ဖမ်းဆီးရမိရေးအတွက် မြို့ထွေအုပ်ရုံးမှ တာဝန်ရှိသူများ နှင့် ဒေသအတွင်း လှုပ်ရှားနေသည့် SSPP/SSA တပ်ဖွဲ့ထံသို့ တိုင်ကြားထားကြောင်း သိရသည်။

ဒေသအတွင်း လှုပ်ရှားသည့် SSPP/SSA မြေပြင် တာဝန်ရှိသူတစ်ဦးက “ကျနော်တို့ တပ်ဖွဲ့ထံကို ဖြစ်စဉ်နဲ့ အကြောင်းအရာနဲ့ လာရောက် တိုင်ကြားထားတာ ရှိပါတယ်၊ ကျနော်တို့ကလည်း ပြစ်မှုကျူးလွန်တဲ့သူတွေကို ဖမ်းဆီးရမိရေး အတွက် စုံစမ်းနေဆဲ ဖြစ်ပါတယ်၊ အခုတော့ အိုက်စိုင်းရဲ့ ဆွေမျိုးတွေနဲ့ အဆက်အသွယ်ရမိတယ်၊ အိုက်စိုင်း ဘယ်ရောက်နေမှန်းတော့ မသိဘူးတဲ့၊ လျော်ကြေးအတွက် သူတို့ တာဝန်ယူပေးမယ်လို့ ပြောတယ်” ဟု ပြောဆိုသည်။

မိုင်းပါး ကျေးရွာအတွင်း သွားလာလှုပ်ရှားသည့် လက်နက်ကိုင်တပ်ဖွဲ့များမှာ စစ်ကောင်စီတပ်ဖွဲ့ အပြင် ကချင်တပ်ဖွဲ့ KIA၊ တအာင်း (ပလောင်) တပ်ဖွဲ့ TNLA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တို့ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here