5 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းရခိုင်- ပဲခူးတိုင်းအစပ်က မိုးထိတောင်စခန်းအပါအဝင် ဧရာ၀တီတိုင်းအစပ်က စခန်းတချို့ကို AA သိမ်းပိုက်

ရခိုင်- ပဲခူးတိုင်းအစပ်က မိုးထိတောင်စခန်းအပါအဝင် ဧရာ၀တီတိုင်းအစပ်က စခန်းတချို့ကို AA သိမ်းပိုက်

အာရက္ခတပ်တော် (AA) သည် ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်းနယ်စပ်ဖြစ်သည့် တောင်ကုတ်မြို့နယ်ရှိ စစ်ကောင်စီ၏ မိုးထိတောင်စခန်းကို အပြီးသတ်သိမ်းပိုက်ခဲ့ကြောင်း AA က ဇန်နဝါရီ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မိုးထိတောင်စခန်းကို ဇန်နဝါရီ ၂၁ ရက်နေ့ နံနက်ပိုင်းကစတင်၍ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ ပြီးနောက် ၅ ရက်အကြာ ဇန်နဝါရီ ၂၆ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း AA ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မိုးထိတောင်တပ်စခန်းသည် တောင်ကုတ်မြို့နယ်အဆုံး ပဲခူးတိုင်းနယ်ခြားမှတ်တိုင်အနီး၌တည်ရှိပြီး ရခိုင်ရိုးမ တောင်တန်းပေါ်က စစ်ကောင်စီ၏တပ်စခန်းတခုဖြစ်သလို တောင်ကုတ်မြို့နယ် အခြေစိုက် အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၅) အား AA က သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီက အသစ်ထပ်မံထားရှိသည့် တပ်စခန်းကြီးတခုလည်း ဖြစ်သည်။

မိုးထိတောင်စခန်းအား အပြီးသတ် သိမ်းပိုက်ခဲ့သည့်တိုက်ပွဲအတွင်း စစ်ကောင်စီထံက စစ်အသုံးအဆောင်များ၊ လက်နက်ခဲယမ်းများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့၏ ရုပ်အလောင်းများကိုပါ သိမ်းဆည်းရမိခဲ့သည်ဟု AA က ဆိုသည်။

အလားတူ အာရက္ခတပ်တော်သည် ဧရာဝတီတိုင်းနှင့် ရခိုင်အစပ် (သို့) ဧရာဝတီတိုင်းအတွင်းရှိ ပွိုင့် ၂၆၃ စခန်းအား ဇန်နဝါရီ ၂၆ ရက်နေ့၊ နေ့လယ်ပိုင်းတွင် အပြီးသတ်သိမ်းပိုက် ရရှိခဲ့သည်ဟု AA ၏ အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းအပြင် ဇန်နဝါရီ ၂၁ ရက်နေ့ ညနေပိုင်းတွင်လည်း အာရက္ခတပ်တော် (AA) က စစ်ကောင်စီတပ်၏ ပွိုင့် ၃၆၉ စခန်းကိုလည်း သိမ်းပိုက်ရရှိခဲ့သည်ဟု ထုတ်ပြန်ချကိဖော်ပြပါရှိသည်။

အာရက္ခတပ်တော် AA က သိမ်းပိုက်ထားသော ပွိုင့် ၂၆၃ စခန်းကို စစ်ကောင်စီက ဇန်နဝါရီ ၂၇ ရက်နေ့တွင် လေကြောင်း၊ လက်နက်ကြီးပစ်ကူများနှင့် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကြောင့် တိုက်ပွဲများ ပြင်းထန် လျက်ရှိသည်ဟု ဖော်ပြထားသည်။

နိရဉ္စရာ ပေးပို့သည်။