အမျိုးသမီးအရေးလှုပ်ရှားသူ ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးကို စက်တင်ဘာလ ၁၈ ရက်နေ့က တရားရုံးထုတ်စစ်ဆေးစဉ် ကျန်းမာရေးဆိုးဝါးလာ၍ စစ်တွေဆေးရုံသို့ အရေးပေါ် ပို့ဆောင်လိုက်ရသည်ဟု သိရသည်။
ဒေါ်ညိုအေးနှင့်နီးစပ်သူတစ်ဦးက “သူ သွေးတိုးနေတဲ့အတွက် ဆေးရုံကိုပို့လိုက်ရတာပါ။ အခုတော့ သူ့ကို ဓာတ်မှန်လည်း ရိုက်အုံးမှာဖြစ်လို့ ဓာတ်မှန်ခန်းထဲယူသွားပါပြီ” ဟု ပြောသည်။
ဒေါ်ညိုအေးကို စက်တင်ဘာလ ၁၈ ရက် နေ့လယ်က စစ်တွေမြို့နယ် တရားရုံး၌ ရုံးထုတ်စစ်ဆေးနေစဉ် သွေးတိုးနေသည့်အတွက် တရားရေးတာဝန်ရှိသူများက စစ်တွေဆေးရုံ အရေးပေါ်ပို့ဆောင် ခိုင်းလိုက်ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ယင်းအပြင် ဒေါ်ညိုအေးသည် ပြီးခဲ့သည့်ရက်ပိုင်းက ဖျားနေသလို သောက်နေကျဆေးများကို အကျဉ်းထောင် အတွင်း သောက်ခွင့်မရဘဲ မိသားစုနှင့်လည်း တွေ့ခွင့်မရသည့်အတွက် သူမ၏ကျန်းမာရေးအတွက် မိသားစုများက စိုးရိမ်လျက် ရှိသည်ဟု သိရသည်။
ဒေါ်ညိုအေးသည် ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်က စစ်တွေရှိ စစ်တွေကျောင်းသားသမဂ္ဂရုံးတွင် စစ်တွေ ကျောင်းသားသမဂ္ဂက ဦးဆောင်ပြုလုပ်ခဲ့သော ၅၆ နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ အထိမ်းအမှတ် ဝမ်းနည်းအောက်မေ့ဖွယ်နေ့ အခမ်းအနားသို့ တက်ရောက်ခဲ့၍ ဖမ်းဆီးခံရဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။
ဖမ်းဆီးပြီးနောက် သူ့ကို ပုဒ်မ ၅ဝ၅(ခ) ဖြင့် အမှတ် (၁) ရဲစခန်းမှူးက တရားလိုပြုလုပ်ပြီး အမှုဖွင့်ပြီး စစ်တွေထောင် အချုပ်သို့ ဖမ်းဆီးချုပ်နှောင်ထားခြင်း ဖြစ်သည်။
ပုဒ်မ ၅ဝ၅(ခ) သည် ထောင်ဒဏ် နှစ်နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။
ဒေါ်ညိုအေးကို ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်နေ့က စစ်တွေမြို့နယ် တရားရုံးတွင် ပထမဆုံးအကြိမ်၊ စက်တင်ဘာလ ၁၂ ရက်နေ့တွင် ဒုတိယအကြိမ် ရုံးထုတ်ခဲ့ပြီး စက်တင်ဘာလ ၁၈ ရက်တွင် တတိယအကြိမ် ရုံးချိန်းစစ်ဆေးခြင်း ဖြစ်ကြောင်း သိရသည်။
နိရဉ္စရာ ပေးပို့သည်။