ရခိုင်အခြေစိုက်သတင်းဌာနများ၏သတင်းများအပေါ် မှတ်ချက်ရေးသားခြင်း၊ ထပ်ဆင့်မျှဝေခြင်း ပြုလုပ်နေသူများကို အရေးယူမည်ဟု ပြည်နယ်စစ်ကောင်စီထုတ်ပြန်

0
268

ရခိုင်အခြေစိုက်သတင်းဌာနများ၏ ထုတ်လွင့်သည့် သတင်းများအပေါ် မှတ်ချက်ရေးသားခြင်း၊ မျှဝေခြင်း၊ Copy ယူ၍ ထပ်ဆင့်မျှဝေခြင်း ပြုလုပ်နေသူများအား အရေးယူမည်ဟု ရခိုင်ပြည်နယ်စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

ထိုသို့အရေးယူမည်ဖြစ်ကြောင်းကို စစ်ကောင်စီဝါဒဖြန့်သတင်းများကို ဖော်ပြနေသည့် ရခိုင်နေ့စဥ်တွင် ဒီဇင်ဘာ ၅ ရက်နေ့က ရေးသားဖော်ပြ ထုတ်ပြန်လာခြင်းဖြစ်သည်။

ရခိုင်သတင်းများကိုဖော်ပြနေကြသည့် Western News , Narinjara , Development Media Group (DMG) , Border News Agency , Arakan Bay News (ABN) , Cuckoo Chay Vlog , Arakan Princess Media , Voice Of Westland , One Nation News စသည့် မီဒီယာများတွင် မှတ်ချက်ရေးသားခြင်း၊ မျှဝေခြင်း၊ Copy ယူ၍ ထပ်ဆင့်မျှဝေခြင်း ပြုလုပ်နေသူများအား အရေးယူရန် စာရင်းပြုစုနေပြီဖြစ်ကြောင်းနှင့် ပြည်ပ၌ နေထိုင်နေသူများ ဖြစ်ပါကလည်း ဗီဇာသက်တမ်းတိုးချိန်တွင် ဖမ်းဆီးအရေးယူရန် ဆောင်ရွက်နေကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် ရခိုင်ပြည်နယ်အတွင်း လူမျိုးရေး/စစ်ရေး ပဋိပက္ခများ ဖြစ်လာစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် အများပြည်သူ အထိတ်တလန့်ဖြစ်စေရန် မဟုတ်မမှန်သတင်းများအား ဖြန့်ချိရေးသားနေသည့် သတင်းမှားဖြန့်သည်ဟုဆိုကာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၁ ဦးတို့ကို ဖမ်းဆီးပြီး ပုဒ်မ ၅ဝ၅-က ဖြင့် အမှုဖွင့်ခံလိုက်ရသည်ဟုလည်း ဆိုသည်။

၅ဝ၅-က ဖြင့် အမှုဖွင့်ခံလိုက်ရသူနှစ်ဦးမှာ စစ်တွေမြို့၊ ရဲနွယ်စုရပ်ကွက်မှ မစောခင်အေး (ခ) အဘုနှင့် လမ်းမတော်မြောက်ရပ်ကွက်မှ ကိုကျော်နိုင်လင်းတို့ ဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့်သတင်းများကို ဖော်ပြနေသည့် ရခိုင်နေ့စဥ်တွင် ရေးသားဖော်ပြထားသည်။

အဆိုပါသတင်းဌာနများသည် ရခိုင်တွင် စစ်ကောင်စီတပ်က ဒေသခံအပြစ်မဲ့ပြည်သူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်ခြင်း၊ မြို့ပေါ်ရပ်ကွက် လူနေကျေးရွာများပါမကျန် ကြည်းရေလေတပ်များပူးပေါင်းပြီး လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်း၊ မီးရှို့ခြင်း စသည့် လူမဆန်သောလုပ်ရပ်များ ကျူးလွန်နေခြင်းအပေါ် ရေးသားဖော်ပြနေသော သတင်းဌာနများ ဖြစ်ကြသည်။

၎င်းတို့ကျူးလွန်နေသည့် ပြစ်မှုများကို ဖုံးကွယ်လို၍ စစ်ကောင်စီသည် သတင်းဌာနများကို ပစ်မှတ်ထား တိုက်ခိုက်လာခြင်း ဖြစ်သည်ဟု မှတ်ချက်ပြုရမည်ဟု သတင်းသမားတစ်ဦးက ပြောဆိုသည်။

ရခိုင်သတင်းဌာနမှ အယ်ဒီတာချုပ်များ အပါအဝင် သတင်းသမား အများအပြားကို စစ်ကောင်စီက မတရားဥပဒေအမျိုးမျိုးဖြင့် အမှုဖွင့် တရားစွဲဆိုထားသည်ဟုလည်း သိရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here