28 ဇွန် 2025 /

See today's Peace Related News

Homeသတင်းရခိုင်လွတ်မြောက်ခြင်းသည် တစ်နိုင်ငံလုံးတော်လှန်ရေးအတွက် ကြီးမားသောသက်ရောက်မှုရှိကြောင်း ချင်းညီနောင်ပြောဆို

ရခိုင်လွတ်မြောက်ခြင်းသည် တစ်နိုင်ငံလုံးတော်လှန်ရေးအတွက် ကြီးမားသောသက်ရောက်မှုရှိကြောင်း ချင်းညီနောင်ပြောဆို

ရခိုင်ပြည်တစ်ခုလုံးကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်နိုင်ခြင်းသည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တော်လှန်ရေးအင်အားစုများအတွက် ကြီးမားသည့်သက်ရောက်မှုကို ဖြစ်စေနိုင်ကြောင်း ချင်းညီနောင် (CB) အဖွဲ့ ပြောရေးဆိုခွင့်ရှိသူဆလိုင်းယောမာန်က ပြောသည်။

“ရခိုင်ရဲ့လွတ်မြောက်မှုက တစ်နိုင်ငံလုံးတော်လှန်ရေးအတွက် အင်မတန်ကြီးမားတဲ့ သက်ရောက်မှုရှိလိမ့်မယ်။ နယ်နိမိတ်ချင်းထိစပ်နေတဲ့ CB အတွက်ဆိုတော့ ပြောစရာတောင်မလိုတော့ဘူး” ဟု ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူဆလိုင်းယောမာန်က ပြောသည်။

ရခိုင်ပြည်လွတ်မြောက်မှုသည် နိုင်ငံတစ်ဝန်းလုံးရှိ တော်လှန်ရေးအင်အားစုများအတွက် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ သယ်ယူပို့ဆောင်ရေး၊ စစ်လက်နက်များအထိ သယ်ယူနိုင်ခြင်းကြောင့် ကြီးမားသောသက်ရောက်မှုဖြစ်မည်ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်အတွင်း တရုတ်၏ ပိုးလမ်းမ (BRI) စီမံကိန်း၊ ရေနံပိုက်လိုင်း စီမံကိန်းနှင့် အိန္ဒိယ၏ ကုလားတန်စီမံကိန်းများရှိနေသဖြင့် AA ၏ တော်လှန်ရေးအောင်မြင်မှုသည် နိုင်ငံတကာအထိ လှိုင်းဂယက် ဖြစ်စေနိုင်ကြောင်းလည်း ဆလိုင်းယောမာန်က ဆက်ပြောသည်။

တော်လှန်ရေးပြီးမြောက်သည့် နောင်တချိန်တွင် စီးပွားရေးဖြင့် ဒေသများကို တည်ဆောက်ရမည်ဖြစ်သဖြင့် ရခိုင်နှင့် ချင်းတို့သည် အပြန်အလှန် လက်တွဲရမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

ဆလိုင်းယောမာန်က “လက်နက်ကိုင်တော်လှန်ရေးက ယာယီအဖြေပဲ။ နောက်ဆိုရင် တည်ငြိမ်အေးချမ်းရေးက ရေရှည်အဖြေ ဖြစ်မယ်။ ပြောချင်တာက စီးပွားရေးက အဖြေဖြစ်လာလိမ့်မယ်။ ဒီအချိန်မျိုးမှာ ရခိုင်ရဲ့ထွက်ပေါက် ဟာ ချင်းပြည်မှာပဲရှိလာမယ်။ မကွေးတိုင်း၊ ပဲခူတိုင်း၊ ဧရာဝတီတိုင်းတို့က စစ်ကောင်စီထိန်းချုပ်မှု များများရှိနေ သရွေ့ ရခိုင်အတွက် လုံးဝလွတ်လပ်တဲ့ ဘေးကင်းတဲ့နေရာဟာ ချင်းပြည်ပဲ။ ရှေ့ဆက်ပြီးတော့ တော်လှန်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအတွက် အပြန်အလှန် ကြီးကြီးမားမားမှီခိုရမယ်” ဟု ပြောသည်။

ချင်းညီနောင်တပ်ဖွဲ့သည် ချင်းပြည်နယ်အတွင်းက မြို့နယ် ၄ ခုအထိ သိမ်းပိုက်ထိန်းချုပ်ထားပြီး ချင်းတော်လှန်ရေးတွင် အအောင်မြင်ဆုံးအဖွဲ့အဖြစ် စစ်ရေးလေ့လာသူများက သတ်မှတ်ခြင်းခံထားရသည်။

အာရက္ခတပ်တော်နှင့် ခိုင်မာသည့် မဟာမိတ်ဆက်ဆံရေးကို ချင်းညီနောင်အဖွဲ့က တည်ဆောက်ထားပြီး တိုက်ပွဲအတူတူဖော်ဆောင်ခြင်း၊ လူအင်အားနှင့် စစ်ရေးအကူအညီများ အပြန်အလှန်ပေးမှုများရှိကြောင်းလည်း သိရသည်။

လက်ရှိ၌ အာရက္ခတပ်တော်သည် ရခိုင်ကမြို့နယ် ၁၄ ခုနှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေလျက်ရှိသည်။

ရခိုင်တွင် စစ်ကောင်စီက ၃ မြို့ကိုသာ ထိန်းချုပ်ထားနိုင်တော့ကာ လက်ရှိမှာ AA က ကျောက်ဖြူကို ထိုးစစ်ဆင် တိုက်ခိုက်နေသည့်အပြင် စစ်တွေမြို့နယ်တွင်လည်း နှစ်ဘက်စစ်ဆိုင်ထားကြသည့် အနေအထားတွင် ရှိနေသည်။

အောင်ထိန် (DMG) ပေးပို့သည်။