ရခိုင်မှ နေရပ်ပြန်စစ်ဘေးရှောင်များ ထောက်ပံ့မှုတစ်စုံတစ်ရာမရရှိသဖြင့် အထူးခက်ခဲနေ

0
278
ဓာတ်ပုံ - မတ်လ ၃ ရက်က နေရပ်ပြန်သွားခဲ့ရသည့် ပုဏ္ဏားကျွန်းမြို့အနီး ရေဖြူကန်စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များအား တွေ့ရစဉ်။

စစ်ကောင်စီက အတင်းပြန်ပို့ခဲ့သည့် နေရပ်ပြန် ရခိုင်စစ်ဘေးရှောင်များသည် ထောက်ပံ့မှုတစ်စုံတစ်ရာ ဆက်လက်တော့မရရှိသဖြင့် ဘ၀ပြန်လည်ထူထောင်ရေး အထူးခက်ခဲနေကြသည်ဟု သတင်းရရှိသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ရေဖြူကန်စခန်းမှ မိမိရပ်ရွာသို့ ပြန်လာသည့် သာစည်ကျေးရွာသားတစ်ဦးက “ရွာကို ပြန်ရောက်တော့ အိမ်တွေအကုန်ပြိုနေတယ်။ အိမ်တွေပြန်ပြင်ဖို့ ဘယ်လိုမှ မတတ်နိုင်ကြဘူး။ လက်ရှိ တဲထိုးပြီးနေနေရတယ်။ အစိုးရက ထောက်ပံ့ပေးလိုက်တဲ့ ငွေ ၆ သိန်းနဲ့ ဘာမှ လုပ်လို့မရဘူး။ တောင်တက် ဝါးခုတ်၊ သစ်ခုတ်ဖို့ကလည်း သစ်ပင်တွေ မရှိတော့ဘူး။ တစ်ဖက်မှာလည်း မိုင်းအန္တရာယ်လည်း ကြောက်လန့်စိုးရိမ်ပြီ ဘယ်သူမှ တောထဲကို မသွားရဲဘူး။ အခု ပြန်လာသူတိုင်း အထူးအခက်အခဲဖြစ်နေကြရတယ်” ဟု ပြောသည်။

စစ်ဘေးရှောင်များသည် နေအိမ်များကို စွန့်ခွာပြီး နှစ်ရှည်လများ စစ်ဘေးရှောင်စခန်းများတွင် ခိုလုံခဲ့ကြရသဖြင့် ရွာသို့ ပြန်ရောက်ချိန်တွင် နေအိမ်များမှာ ပျက်စီးယိုယွင်းနေပြီဟု သိရသည်။

၎င်းက “ခုထိ အိမ်တွေမရှိသေးတဲ့ သူတွေမှာ မရှိသေးဘူး။ အိမ်မဆောက်နိုင်တဲ့အတွက် တဲအိမ်တွေ ထိုးပြီးတော့ နေတဲ့သူတွေလည်း နေကြရတယ်။ ကုန်စျေးနှုန်းတွေ တက်နေတဲ့အချိန်မှာ စစ်ကောင်စီကပေးတဲ့ ငွေ ၆ သိန်းနဲ့ ဘယ်လိုမှ အဆင်မပြေဘူး။ အနေအထိုင် အစားအသောက်တွေက အင်မတန် ဒုက္ခရောက်နေကြပါတယ်” ဟု ပြောဆိုသည်။

ကုန်စျေးနှုန်းများ အစစအရာရာ မြင့်မားနေသော ယခုကာလတွင် စစ်ကောင်စီက ထောက်ပံ့ခဲ့သည့် ငွေကျပ် ၆ သိန်းနှင့် ဆန်ရိက္ခာတစ်လစာမှာ စားဝတ်နေရေးအတွက် လုံးဝအဆင်ပြေမှုမရှိသဖြင့် သူတို့၏ ဘ၀များ နဂိုအတိုင်းပြန်ရောက်ရှိရန် ပြန်လည် ထူထောင်ရေး အစီအစဉ်များကို ချမှတ်ရန် လိုအပ်နေသည်ဟု နေရပ်ပြန်သွားသူများက ပြောကြသည်။

ထို့အပြင် စစ်ဘေးရှောင်များမှာ နေရပ်သို့ ပြန်ရောက်လာပြီဖြစ်သော်လည်း မိုင်းအန္တရာယ် စိုးရိမ်ရသည့်အတွက် မိမိတို့ လုပ်ကိုင်စားသောက်ခဲ့ရာ တောတောင်များသို့လည်း မသွားရဲဖြစ်နေကြသည်ဟု ကျောက်တော်မြို့နယ်၊ ကျော်ရှီပြင်ကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

“ကျမတို့ နေရပ်ပြန်လာတာ ၁ လကျော်လောက်ရှိပြီ။ သူတို့ (စစ်ကောင်စီ)က ပေးလိုက်တဲ့ ထောက်ပံ့ငွေ ၆ သိန်းနဲ့ ဒီကာလမှာ ဘယ်လို့မှအဆင်မပြေဘူး။ နောက်ပြီးတော့ မိုင်းအန္တရာယ်ကို ကြောက်နေရတဲ့အတွက် တောတောင်တွေကိုလည်း ထင်းခုတ်၊ ဟင်းရှာဖို့ မသွားရဲကြဘူး” ဟု ပြောသည်။

ကျော်ရှီပြင်ကျေးရွာသားများမှာ စစ်ဘေးရှောင်ဘဝဖြင့် ကျောက်တော်မြို့ရှိ ရှမ်းရွာ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေထိုင်ခဲ့ကြပြီး ပြီးခဲ့သည့် မတ်လ ၃၁ ရက်က စစ်ကောင်စီ၏ ဖိအားပေးခိုင်းစေမှုကြောင့် မိမိနေရပ်သို့ ပြန်လာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲများရပ်စဲထားပြီးနောက် တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာအနီးရှိ ကျေးရွာများနှင့် တောတောင်များတွင် မိုင်းပေါက်ကွဲမှု ၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီးဖြစ်သဖြင့် စစ်ကျန်မိုင်းများကို ပြန်လည်ဖယ်ရှားရန် ပြည်သူများက လိုလားနေကြသည်။

တကျော့ပြန်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်းကလည်း စစ်အကြွင်းအကျန်ပစ္စည်းများနှင့်မိုင်းပေါက်ကွဲမှုများကြောင့် အရပ်သားပြည်သူ ၄၀ ခန့် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူလည်း ရာနှင့်ချီပြီးရှိခဲ့သည်ဟု အရပ်ဘက်အဖွဲ့အစည်းအချို့၏စာရင်းအရ သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစတင်ကာ ရခိုင်ရှိ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်း၊ ပုဏ္ဏားကျွန်းတို့မှ စစ်ဘေးရှောင်အများအပြားကို ဒေသတည်ငြိမ်အေးချမ်းပြီဟုဆိုကာ အိမ်ထောင်စု တစ်စုလျှင် ကျပ် ၆ သိန်းနှင့် ဆန် ၁ လစာပေး၍ နေရပ်သို့ အတင်းပြန်ပို့ခဲ့သည်။

ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့သည် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်မှစတင်ကာ ရုတ်တရက် အပစ်အခတ်ရပ်စဲလိုက်ပြီးနောက် စစ်ကောင်စီက စစ်ဘေးရှောင်များအား ယခုကဲ့သို့ နေရပ်ပြန်ပို့ခဲ့ပြီး နေရပ်ပြန်စစ်ဘေးရှောင်များနေထိုင်ခဲ့သည့် စခန်းများကိုလည်း ဖျက်သိမ်းခဲ့သည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၈ မှစတင်ကာ ၂ဝ၂၂ ခုနှစ်အထိ တိုက်ပွဲကာလအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာကြသော စစ်ဘေးဒုက္ခသည်ဦးရေ နှစ်သိန်းကျော်အထိ ရှိနေခဲ့ပြီး ဒေသတည်ငြိမ်အေးချမ်းနေသည့် ကာလများတွင် စစ်ဘေးရှောင်အများအပြားမှာ မိမိဒေသသို့ ပြန်သွားကြသူများလည်းရှိခဲ့သလို စစ်ကောင်စီက နေရပ်သို့ အတင်းပြန်ပို့ခဲ့သည့် စစ်ဘေးရှောင်များလည်း ရှိခဲ့သည်။

သို့သော်လည်း အချို့ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စခန်းချနေထိုင်ခြင်းနှင့် မိုင်းအန္တရာယ်များအား စိုးရိမ်ကြောက်ရွံ့နေကြရသည့်အတွက် စစ်ဘေးရှောင် ၆ သောင်းခန့် မိမိနေရပ်သို့ မပြန်နိုင်သေးဟု အရပ်ဘက်အဖွဲ့အစည်းအချို့၏ စာရင်းအရ သိရသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here