ရခိုင်မြောက်ပိုင်းအပါအဝင် မြန်မာနိုင်ငံဒေသ ၉ ခုသို့ ဗြိတိန်နိုင်ငံသားများခရီးမသွားရန် သတိပေးချက်ထုတ်ပြန်

0
242
ပုံစာ - ဗြိတိန်နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးရေးရုံး (FCDO) မှ ထုတ်ပြန်ကြေညာချက်ပုံ။

စစ်အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခများဖြစ်နေသည့် ရခိုင်မြောက်ပိုင်းအပါအဝင် မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ် ၉ ခုသို့ ဗြိတိန်နိုင်ငံသားများ ခရီးသွားခြင်း လုံးဝမပြုလုပ်ရန် ဗြိတိန်အစိုးရက သတိပေးချက် ထပ်မံထုတ်ပြန်ခဲ့သည်။

အဆိုပါသတိပေးထုတ်ပြန်ချက်ကို ဗြိတိန်နိုင်ငံခြားရေး၊ ဓနသဟာယနဲ့ ဖွံ့ဖြိုးရေးရုံး (The Foreign, Commonwealth and Development Office- FCDO) က စက်တင်ဘာလ ၁၈ ရက်နေ့တွင် ထပ်မံထုတ်ပြန် ခဲ့ခြင်းဖြစ်ပြီး ဗြိတိန်နိုင်ငံသားများအတွက် ခရီးသွားလာခြင်းဆိုင်ရာ အကြုံပြုကြေညာချက်တွင် ထည့်သွင်းဖော်ပြ ထားသည်။

ခရီးသွားခြင်း လုံးဝမပြုလုပ်ရန် သတိပေးချက် ထုတ်ပြန်ထားသည့် တိုင်းနှင့် ပြည်နယ် ၉ ခုမှာ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်း၊ မကွေးနှင့် တနင်္သာရီတိုင်း မြောက်ပိုင်းဒေသတို့ ဖြစ်သည်။

ယင်းအပြင် မဖြစ်မနေမှလွဲ၍ ခရီးမသွားသင့်သောဒေသများအဖြစ် ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ တနင်္သာရီ တောင်ပိုင်း၊ ရခိုင်ပြည်နယ် အလယ်ပိုင်းနှင့် စစ်တွေခရိုင်တို့ကို အကြုံပြုကြေညာချက်တွင် ထည့်သွင်းဖော်ပြ ထားသည်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရှိ လုံခြုံရေးအခြေအနေသည် မှန်းဆ၍မရနိုင်သည့်အပြင် သတိပေးမှုမရှိဘဲ ပြောင်းလဲလွယ်သည့်သဘော ရှိနေသည့်အတွက် ယခုလို တားမြစ်ရသည်ဟု အဆိုပါထုတ်ပြန်ချက်၌ ရေးသားဖော်ပြထားသည်။

၎င်းပြင် ထုတ်ပြန်ချက်အထဲတွင် ရခိုင်ပြည်မြောက်ပိုင်းကိုလည်း သွားလာခြင်း မပြုလုပ်ရန် တားမြစ်ချက် ပါဝင်နေခြင်းနှင့် ပတ်သက်ပြီး ရခိုင့်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ယခုလို သုံးသပ်ပြောဆိုသည်။

“ရခိုင်မြောက်ပိုင်းက တည်ငြိမ်နေပေမယ့် တိုက်ပွဲများ အချိန်မရွေး ဖြစ်လာနိုင်တယ်လို့ သူတို့ယူဆတဲ့အတွက် လုံခြုံမှုအရ သတိပေးတားမြစ်တာလို့ ထင်ပါတယ်” ဟု ဦးဖေသန်းက ပြောသည်။

ဗြိတိန်နိုင်ငံ၏ ယခုထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကို မီဒီယာများမှတဆင့် တစ်ကမ္ဘာလုံးက သိနေသည့်အတွက် သက်ဆိုင်ရာနိုင်ငံများအနေဖြင့် ၎င်းတို့၏ နိုင်ငံသားများကို လုံခြုံရေး စိုးရိမ်မှုရှိ၍ တားမြစ်ခြင်းမှာ လုပ်ရိုးလုပ်စဉ်ဖြစ်ကြောင်း ဦးဖေသန်းက ဆက်ပြောသည်။

“တခြားနိုင်ငံတွေမှာ သူတို့နိုင်ငံသားတွေကို သူတို့ကိုယ်တိုင် ကာကွယ်တယ်။ ကျနော်တို့နိုင်ငံမှာ အစိုးရက ပြည်သူတွေကိုကာကွယ်ဖို့ ပျက်ကွက်ခဲ့တာ အခုမှမဟုတ်ပါဘူး။ ပြည်ပမှာ ဒုက္ခရောက်နေရင်လည်း မကာကွယ်နိုင်၊ သံရုံးတွေကလည်း မဖြေရှင်းပေးနိုင်တဲ့အပြင် ကိုယ်နိုင်ငံသားတွေကို သတ်ဖြတ်နေတယ်။ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်။ ရွာတွေကို မီးရှို့နေတယ်။ ပြည်သူတွေကို သံသယဝင်ပြီး ရန်သူလို့ သတ်မှတ်လာတယ်။ သူတို့ အာဏာတည်မြဲဖို့အတွက် ပြည်သူတွေကိုနှိပ်စက်တာ ခြိမ်းခြောက်တာ အနိုင်ကျင့်တာ တွေက လုပ်ရိုးလုပ်စဉ် ဖြစ်နေပြီ။ ဒါတွေက စစ်အာဏာစသိမ်းကတည်း ဆက်တိုက် လုပ်လာတဲ့ကိစ္စရပ်တွေပါ။ ဒီနိုင်ငံရဲ့အစိုးရက မိဘတူတဲ့ အစိုးရမဟုတ်ဘူး။ ရန်သူနဲ့တူတဲ့ အစိုးရပေါ့။ မိဘတူတဲ့ အစိုးရက ပြည်သူတွေ အပေါ် စိုးရိမ်စိတ်ရှိတယ်။ ကာကွယ်တာပေါ့” ဟု ၎င်းက သုံးသပ်သည်။

နိုင်ငံတစ်ဝန်းတွင်လည်း လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် မြေမြှုပ်မိုင်း အန္တရာယ်များအပြင် လက်နက်ကိုင် ပဋိပက္ခများနှင့် အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေကြောင်း FCDO ၏ အကြုံပြု ကြေညာချက်တွင် ဆက်ဖော်ပြထားသည်။

နိုင်ငံခြားသားများ ပုံမှန်အားဖြင့် ကြိမ်ဖန်များစွာ သွားရောက်ခဲ့သည့် ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ရှော့ပင်းမောများနှင့် ဝန်ဆောင်မှုများပေးသည့် စသည့်နေရာများတွင်လည်း တိုက်ခိုက်မှုများ ဖြစ်နိုင်ကြောင့် သတိပေးဖော်ပြထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်တွင်လည်း မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ် ၈ ခုမှ ဒေသအများအပြားသို့ ခရီးသွားလာခြင်း မပြုကြရန် ဗြိတိန်အစိုးရ (FCDO) က သတိပေးထုတ်ပြန်ခဲ့သေးသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here