
“မိုခါ” ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်း ရခိုင်ပြည်မြောက်ပိုင်း မြို့နယ်များတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ကွန်ရက်များ ပြတ်တောက်နေတာကြောင့် ဒေသခံပြည်သူများ သတင်းအချက်အလက် သိရှိရပိုင်ခွင့် ဆုံးရှုံးနေကြသည်။
ဖုန်းလိုင်း၊ အင်တာနက်လိုင်း အခက်အခဲကြောင့် သတင်းများကို အချိန်နှင့်တပြေးညီ သိရှိနိုင်ရန် မလွယ်ကူ ဖြစ်နေကြောင်းနှင့် သတင်းစီးဆင်းမှုများ နှောင့်နှေးလျက် ရှိနေသည်ဟု ရသေ့တောင်မြို့မှ လူမှုကူညီရေး လုပ်ဆောင်နေသူတစ်ဦးက ပြောသည်။
“နယ်ဘက်မှာက MPT, Mytel က လုံးဝမရဘူး။ တခြား Sim Card တွေကလည်း ၅ မိနစ်လောက်ပြောရင် လိုင်းပြတ်သွားတယ်။ ဒါကြောင့် ဖုန်းပြောမယ်ဆိုရင် မောင်တောမြို့နဲ့နီးရင် အဲဒီကိုသွား၊ ရသေ့တောင်မြို့နဲ့နီးရင် ရသေ့တောင်ဘက်ကို သွားပြီး ဖုန်းပြောနေရတယ်။ တချို့ဆိုရင် တောင်ကုန်းထက်တွေကို သွားပြီး ပြောပေမယ့် မရဘူး” ဟု ၎င်းက ပြောသည်။
မုန်တိုင်းသင့်ဒေသများတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်း အဆင်မပြေ ဖြစ်နေသည်မှာ ၁ လ နီးပါး ရှိလာပြီဖြစ်၍ ဒေသခံများမှာ သတင်းအချက်အလက် သိရှိနိုင်ရန် တစ်ဦးထံမှတစ်ဦး တစ်ဆင့်ခံ နာကြားအသုံးပြု နေကြရသည်။
ဖုန်းလိုင်း၊ အင်တာနက်လိုင်း အခက်အခဲကြောင့် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး ကဏ္ဍများတွင်လည်း ထိခိုက်မှုရှိနေကြောင်း ဒေသခံတချို့က ပြောဆိုသည်။
ဘူးသီးတောင်မြို့နယ်၊ မြောင်းနား (မွတ်ဆလင်) ကျေးရွာ အုပ်ချုပ်ရေးမှူး အာနိုဝါရ်ဆာဒဲက်က “အင်တာနက်သုံးလို့ အဆင်မပြေတော့ ရုံးက စာရွက်စာတန်းတွေ၊ အော်ဒါစာရွက်တွေ ကြည့်ဖို့ ဘူးသီးတောင်ကို သွားရတယ်။ အုပ်ချုပ်ရေးပိုင်းမှာက ပုံမှန်ဆိုရင် Viber group က တဆင့် သိရတယ်။ မုန်တိုင်းတိုက်ပြီးနောက် အဆင်မပြေ ဖြစ်သွားလို့ လောလောဆယ်မှာ ဒီလို ဖြေရှင်းနေရပါတယ်” ဟု ပြောသည်။
ရခိုင်ပြည်အခြေစိုက် သတင်းမီဒီယာ လုပ်ငန်းများမှာ အင်တာနက်လိုင်းကို အဓိကအားကိုးပြီး အလုပ်လုပ်ကိုင်နေရသဖြင့် မြေပြင်တွင် ဖြစ်ပျက်နေသည့် သတင်းအကြောင်းအရာများ အများပြည်သူသိရှိအောင် အချိန်နှင့်တပြေးညီ တင်ပြရာတွင် အခက်အခဲ ဖြစ်ရကြောင်း ရခိုင်သတင်းသမား အသိုင်းအဝိုင်းက ပြောသည်။
Western News သတင်းဌာနမှ အယ်ဒီတာချုပ် ကိုဝဏခွါညိုက “မုန်တိုင်းပြီးတဲ့ နောက်ပိုင်းမှာ နယ်ဘက်တွေကို ဖုန်းဆက်သွယ်လို့ လုံးဝ မရဘူး။ နယ်ဘက်က ဒေသခံတွေဟာ မြို့ပေါ်ကိုလာပြီးတော့ အင်တာနက်သုံးရတာတွေ ရှိတယ်။ သတင်းသမားတွေဟာ တော်တော်လေး အခက်အခဲတွေနဲ့ အလုပ်လုပ်နေရတယ်” ဟု ပြောပြသည်။
မုန်တိုင်းကြောင့် ပျက်စီးသွားသည့် စစ်တွေမြို့ရှိ မြဝတီထပ်ဆင့်လွှင့်စက်ရုံနှင့် FM ထပ်ဆင့်လွှင့်စက်ရုံများကို ပြန်လည်ပြုပြင်ပြီးဖြစ်၍ မြဝတီရုပ်သံလိုင်းနှင့် FM ရေဒီယိုလိုင်း တို့ကို ထပ်ဆင့်လွှင့်ဌာနမှ ၆ မိုင်ခန့်အကွာထိ ဖမ်းယူနားဆင်နိုင်ပြီဖြစ်ကြောင်း စစ်ကောင်စီသတင်းများကို နေ့စဉ်ထုတ်ပြန်ပေးနေသော ရခိုင့်နေ့စဉ်က ထုတ်ပြန်ထားသည်။
စစ်တွေမြို့နယ်၊ တောကန်ကျေးရွာနေ ဦးအောင်ကျော်က “တီဗွီကနေ သတင်းကြည့်မယ်ဆိုရင်လည်း မရဘူး။ အွန်လိုင်းကတဆင့် ကြည့်မယ်ဆိုရင်လည်း အဆင်မပြေဘူး။ Radio လည်း မရှိဘူး။ သူများဆီက သတင်းကြားရတယ် ဆိုတာလည်း သိပ်ပြီးမတိကျဘူးလို့ ထင်ပါတယ်” ဟု ပြောသည်။
မုန်တိုင်းကြောင့် ရခိုင်ပြည်တွင်းက စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မောင်တော၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော စသည့် မြို့နယ်တို့တွင် လျှပ်စစ်မီး ပြတ်တောက်မှု ဖုန်းလိုင်း၊ အင်တာနက်လိုင်း အခက်အခဲနှင့် ရင်ဆိုင်နေကြရဟု ဒေသခံများ ပြောဆိုသည်။
ရခိုင်တွင် ဆက်သွယ်ရေးအော်ပရေတာ မိုဘိုင်းစခန်း ၁,၂၃၃ ရှိရာတွင် မုန်တိုင်းကြောင့် မိုဘိုင်းစခန်း ၉၀၄ ခု ပျက်စီးသွားခဲ့ကြောင်း စစ်ကောင်စီက မေလ ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။
အောင်ထိန် (DMG) ပေးပို့သည်။