ရခိုင်ပြည်အတွင်း တရားဥပဒေစိုးမိုးရေး စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း ALP ပြောဆို

0
371
ပုံစာ - ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့ဝင်များ။

ရခိုင်ပြည်အတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် စစ်ကောင်စီ၏ ဒေသအာဏာပိုင်များနှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း ဒေါ်စောမြရာဇာလင်းဦးဆောင်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တာဝန်ရှိသူက ပြောသည်။

ALP တပ်ဖွဲ့ဝင်များ လုပ်ကြံခံရပြီးနောက် သံသယရှိသူများအား ဖမ်းဆီးစစ်ဆေးမှုများနှင့် တခြားခိုးဆိုးလုယက်မှု ကျူးလွန်သူများအား စစ်ကောင်စီထံသို့ လွှဲပြောင်းပေးပြီး တရားဥပဒေစိုးမိုးရေး လုပ်ဆောင်နေသည်ဟု ဆိုသည်။

သို့သော် ALP အနေဖြင့် လူဦးရေ မည်မျှကို စစ်ကောင်စီထံ လွှဲပေးထားသည့် အသေးစိတ်ကိစ္စများကို ထုတ်ပြောရန် မရှိကြောင်း ALP အတွင်းရေးမှူးရုံး ပြောခွင့်ရသူ ဗိုလ်မှူး ခိုင်သူရိန်က အခုလို ပြောသည်။

“တရားဥပဒေစိုးမိုးရေးကတော့ ကျနော်တို့ ပူးပေါင်းဆောင်ရွက်တာလောက်ပဲ ရှိပါတယ်။ သီးသန့်ဆောင်ရွက် တာတော့ မလုပ်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီမှာလည်း နယ်မြေအာဏာပိုင်အစိုးရ ရှိတော့ ပူးပေါင်းဆောင်ရွက် တာလောက်ပဲ။ ဒီမှာရှိတဲ့ ပြည်သူလူထုကိုလည်း တတ်နိုင်တဲ့အားနဲ့ လုံခြုံမှုကို ကူညီပေးတယ်” ဟု ဗိုလ်မှူး ခိုင်သူရိန်က ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့က စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်က ကိုကျော်နိုင်စိုး (၂၆) နှစ်နှင့် ကိုကျော်စိုး (၃၀) နှစ်တို့ကို ALP တပ်ဖွဲ့ဝင် ၁၀ ဦးခန့်က လက်နက်အပြည့်အစုံဖြင့် ည ၁၀ နာရီအချိန်တွင် နေအိမ်သို့ ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း မိသားစုဝင်များက ပြောဆိုခဲ့သည်။

ထိုဖမ်းဆီးခံထားရသူများနှင့် တွေ့ဆုံခွင့် ရရှိရေးအတွက် မိသားစုဝင်များက စက်ရုံစုရပ်ကွက်ရှိ ALP ရုံးသို့ သွားရောက်ပြီး အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း တွေ့ခွင့်မပေးဘဲ “လူကြီးများ မရှိသေး” ဟုဆိုကာ ရက်ရွေ့ဆိုင်းနေသည်ဟု ဖမ်းဆီးခံထားရသည့် ကိုကျော်စိုး၏ မိသားစုဝင်တစ်ဦးက ပြောပါသည်။

“ကျမတို့သွားမေးတဲ့ အချိန်တိုင်း ရုံးပိတ်ထားတယ်၊ လူကြီးတွေ မရှိဘူး။ မနေ့ကလည်း ကျမတို့ သွားမေးပါသေးတယ်။ လွန်ခဲ့တဲ့ တစ်ပတ်လောက်က သွားမေးတဲ့အခါ ကျော်စိုးဆိုတဲ့တစ်ယောက်ရှိလားလို့ ပြောတဲ့အခါ သူတို့က ရှိတယ်လို့ ပြောတယ်။ တွေ့ချင်တယ်လို့ပြောတော့ တွေ့ခွင့်မပေးဘူး။ ဘာအမှုနဲ့ဖမ်းလဲ ဆိုတာလည်း မသိရဘူး။ သူတို့နှစ်ယောက် အခု အဲဒီမှာရှိသေးလား၊ ဘယ်ကိုပို့လိုက်ပြီလဲ ဆိုတာနဲ့ပတ်သက်ပြီး စိုးရိမ်မှုရှိတယ်” ဟု အဆိုပါမိသားစုဝင်က ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ALP အား အထင်အမြင်လွဲစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီးထားသော သတင်းများသာဖြစ်ကြောင်း ဇွန်လ ၂၇ ရက်နေ့တွင် ငြင်းဆိုချက် ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့က စစ်တွေမြို့၊ မင်းဘာကြီးလမ်းရှိ ရွှေပြည်သစ် ကားဝပ်ရှော့မှ အသက် ၃၃ နှစ်အရွယ် ကိုကျော်နိုင်ဦးကို ALP က ဖမ်းဆီးသွားပြီး ယနေ့အထိ အဆက်အသွယ် မရသေးသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြကြောင်း ပြောဆိုသည်။

ဖမ်းဆီးခံထားရသူ ကိုကျော်နိုင်ဦး၏ မိသားစုဝင်တစ်ဦးက “လူတွေရဲ့ပြောဆိုချက်အရ ဆိုရင်တော့ စစ်တပ်ဘက်ကို ရောက်သွားပြီ ထင်တယ်။ ကျနော်တို့အနေနဲ့ ကျော်နိုင်ဦး ဘယ်မှာရှိသလဲ၊ ဘယ်လို နေသလဲဆိုတာ မသိရဘဲ ရက် ၂၀ ကျော်လာပြီဆိုတော့ စိုးရိမ်မှုရှိတယ်။ အမြန်ဆုံး ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုချင်ပါတယ်” ဟု ပြောသည်။

တရားဥပဒေ စိုးမိုးရေးကို ALP အနေဖြင့် ဒေသအာဏာပိုင်များဖြင့် ပူးပေါင်းလုပ်ဆောင်နေခြင်းကို နားလည် သော်လည်း ၎င်းတို့ ဖမ်းဆီးထားသူများ၏ သတင်းအချက်အလက်ကို မိသားစုဝင်များအား အသိပေး စေချင်ကြောင်း ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များက ပြောသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ- ALP မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် အဖွဲ့ဖြစ်သည်။ နောက်ပိုင်းတွင် ခေါင်းဆောင်များအချင်းချင်း သဘောထားကွဲလွဲကာ ဒေါ်စောမြရာဇာလင်း ဦးဆောင်သောအဖွဲ့က အမြင်မတူသူများကို ထုတ်ပယ်ပြီး ALP ပါတီကို အသစ်ပြန်လည် ဖွဲ့စည်းကြောင်း ပြီးခဲ့သည့် ၂၀၂၃ မတ်လ ၂၀ ရက်က ALP Facebook Page မှ တဆင့် ထုတ်ပြန်ခဲ့သည်။

ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ALP အဖွဲ့သည် စစ်တွေမြို့၊ အေးသာယာလမ်း၊ စက်ရုံစုရပ်ကွက်တွင် ရုံးစိုက်ထားပြီး ငြိမ်းချမ်းရေးကိစ္စများကို စစ်ကောင်စီနှင့် ဆွေးနွေးမှုများ ရှိနေသည်။ ခိုင်ရဲခိုင် ဦးဆောင်သော ALP အဖွဲ့မှာ အိန္ဒိယ-မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် အခြေချကြောင်း သိရသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here