ရခိုင်ပြည်အတွင်း ဆက်သွယ်ရေးကွန်ရက်များ ပြတ်တောက်နေပြီး ဒေသခံပြည်သူများအနေဖြင့် အချိန်နှင့်တပြေးညီ သတင်းသိရှိခွင့်မရသည်မှာ ကာလရှည်စွာကြာမြင့်နေပြီဟု သိရသည်။
နေ့စဉ်ဖြစ်ပျက်နေသော သတင်းများအပြင် မိုင်းနှင့်ပတ်သက်သည့် အသိပညာပေးမှုများ၊ သဘာဝဘေးအန္တရာယ် ကျရောက်နိုင်ခြေများနှင့်ပတ်သက်၍လည်း ပြည်သူများအနေဖြင့် သိရှိခွင့်မရရှိဟု ပြောဆိုကြသည်။
ထို့အတူ မုတ်သုံလေအားကောင်းသော ယခုလိုမိုးရာသီကာလအတွင်း မိုးသက်လေပြင်းကျရောက်နိုင်မှုများ၊ လေပြင်းတိုက်ခတ်မှုများဖြစ်လာလျှင်လည်း ဒေသခံပြည်သူများအနေဖြင့် အချိန်နှင့်တပြေးညီ သတင်းသိရှိခွင့်ရရန် မလွယ်ကူကြောင်း ပုဏ္ဏားကျွန်းမြို့နယ်ဒေသခံ ကိုခိုင်အောင်ကျော်လင်းက ပြောသည်။
“အရင်တုန်းက ဖုန်းလိုင်းနဲ့အင်တာနက်တွေရတဲ့အတွက် တစ်ခုခုဆိုရင် ချက်ချင်းသိရတယ်။ အခု ဖုန်းလိုင်းတွေမရတော့ မုန်တိုင်းရှိရင်လည်း မသိရဘူး။ ရေကြီးနေရင်လည်း မသိရဘူး။ သဘာဝဘေးအန္တရာယ်တွေ၊ စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ အရေးပေါ်ထုတ်ပြန်ချက်တွေကိုလည်း ရခိုင်ကလူတွေ မသိရဘူး” ဟု ပြောသည်။
ထို့အပြင် ပြည်သူလူထုများမှာ ဆိုလာမီးကိုသာ အသုံးပြုနေရပြီး မိုးသည်းထန်စွာရွာသွန်းသည့်နေ့များတွင် ဘတ်ထရီအဆင်မပြေမှုများ ရှိသည့်အတွက် တီဗွီကြည့်ခွင့်ပင် မရရှိကြဟု ပြောဆိုကြသည်။
ယင်းအခြေအနေကြောင့် ရခိုင်လူထုတချို့မှာ သတင်းများအတွက် ရေဒီယိုကိုသာ အားကိုးနေရကြရသည်ဟု မြေပုံမြို့နယ်ဒေသခံတစ်ဦးက ပြောသည်။
“အခုက ရေဒီယိုကိုပဲ အားကိုးနေရတယ်။ ရေဒီယိုကလည်း လူတိုင်းမှာမရှိဘူး။ ဒါကြောင့် ဘယ်နေရာမှာ ဘာဖြစ်တယ်။ ဘာတွေ ဖြစ်ပျက်နေကြတယ်ဆိုတာကို လူထုက သိရှိခွင့်မရဘူး” ဟု ၎င်းက ပြောသည်။
သတင်းတစ်ခုခုကိုဆိုလျှင် တဆင့်စကား တဆင့်ကြားသိရမှုနှင့်ပတ်သက်၍လည်း တိကျမှန်ကန်မှု ရှိ/ မရှိကို အတည်ပြုရန် ရခိုင်ပြည်သူများအနေဖြင့် ခက်ခဲမှုများစွာရှိသည်ဟု ဆိုသည်။
ထို့အပြင် ရခိုင်ပြည်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးနှင့်ပစ်ခတ်မှုပြုလုပ်သော နေရာအနီးတွင် မိသားစုဝင်များ ရှိနေသော်လည်း ဘေးအန္တရာယ်ကင်းရှင်းမှု ရှိ/မရှိနှင့်ပတ်သက်၍ ချက်ချင်းမသိနိုင်သည့်အတွက် စိုးရိမ်ကြောင့်ကြမှုများစွာ ရှိနေရသည်ဟု ပြည်ပကိုရောက်ရှိနေသည့် ကျောက်တော်ဒေသခံတစ်ဦးက ပြောသည်။
ရခိုင်ပြည်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလက ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲနောက်ပိုင်း ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ရခိုင်တပြည်လုံးနီးပါး တဖြည်းဖြည်း ပြတ်တောက်သွားခဲ့သည်။
ရခိုင်ရှိ မြို့နယ်အချို့တွင် ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်အထိ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း နေရာကွက်ကျားရခဲ့သော်လည်း ယင်းနောက်ပိုင်းမှစတင်ကာ ယခုချိန်အထိ လုံးဝ ပြတ်တောက်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။
နိရဉ္စရာ ပေးပို့သည်။