ရခိုင်နှင့် ပလက်ဝတွင် စစ်ဘေးရှောင် ၆ သောင်းနီးပါး နေရပ်မပြန်နိုင်ကြသေး

0
259
ပုံစာ - ရခိုင်နှင့်ပလက်ဝတွင် နေရပ်မပြန်နိုင်သေးသည့်စစ်ဘေးရှောင်ဦးရေ ၅၈,၀၀၀ ကျော်ရှိနေသည်။

စစ်ရေးပဋိပက္ခကြောင့် ရခိုင်နှင့် ပလက်ဝဒေသတို့တွင် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေ ၅၈,၀၀၀ ကျော် ရှိနေသေးကြောင်း UNHCR (ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး) စာရင်းအရ သိရသည်။

စစ်ဘေးရှောင်များ နေရပ်မပြန်နိုင်သေးသည့် အကြောင်းအရင်းများမှာ ကျေးရွာအတွင်းနှင့် အနီးအနားတွင် လက်နက်ကိုင်တပ်ဖွဲ့များ နေရာယူထားခြင်း၊ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်ခြင်း၊ မိုင်းအန္တရာယ် စိုးရိမ်မှုအပြင် လုံခြုံမှုအာမခံချက် မရှိခြင်းတို့ကြောင့်ဖြစ်သည်ဟု ဆိုသည်။

“ကျမတို့နေရပ်ပြန်ဖို့ လက်နက်ကိုင်တပ် နှစ်ဖက်လုံးအပေါ် မူတည်တယ်။ တိုက်ပွဲ လုံးဝမဖြစ်ဖို့၊ မိုင်းရှင်းပေးဖို့နဲ့ ပျက်စီးသွားတဲ့ နေအိမ်တွေကို ပြန်ဆောက်ပေးဖို့ တောင်းဆိုချင်တယ်” ဟု ရသေ့တောင်မြို့နယ်၊ ရေစိုးချောင်းရွာမှ ဒေါ်မရွှေဝင်းက ပြောသည်။

နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များ ဘူးသီးတောင် ၅,၀၈၈ ဦး၊ ကျောက်တော် ၁၀,၂၇၈ ဦး၊ မြောက်ဦးမှ ၁၆,၅၆၅ ဦး၊ ရသေ့တောင် ၁၂,၉၇၉ ဦး၊ ပုဏ္ဏားကျွန်း ၃,၁၉၉ ဦး ၊ မင်းပြား ၂၁၁ ဦး၊ စစ်တွေ ၃,၈၃၅ ဦး၊ မြေပုံ ၁,၄၄၂ ဦး၊ အမ်း ၉ ဦးနှင့် ချင်းပြည်နယ် ပလက်ဝတွင် ၄,၄၇၂ ဦး ဖြစ်ကြောင်း UNHCR (ရခိုင်ပြည်နယ်ရုံး) စာရင်းတွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ (AA) တို့ တိုက်ပွဲပြင်းထန်ချိန်က ရေစိုးချောင်းရွာအနီးတွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားမှုကြောင့် ကျေးရွာသားများမှာ စေတီပြင်စစ်ဘေးရှောင်စခန်းတွင် တိမ်းရှောင် နေကြရသည်မှာ ၅ နှစ်နီးပါး ရှိလာပြီဖြစ်သည်။ ရွာအရှေ့ဘက်တောင်ကုန်းတွင်လည်း စစ်ကောင်စီတပ်က ၂၀၁၈ ခုနှစ်မှ လက်ရှိအချိန်ထိ စခန်းချနေထိုင်လျက်ရှိ၍ ကျေးရွာသားများမှာ နေရပ်မပြန်ရဲကြောင်း ပြောဆိုသည်။

နေရပ်မပြန်နိုင်သေးဘဲ စစ်ဘေးရှောင်များတွင် အခက်အခဲမျိုးစုံနှင့် နေထိုင်နေကြရသည့် စစ်ရှောင်များမှာ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် ပိုမိုဒုက္ခရောက်နေကြသည်။ မုန်တိုင်းကြောင့် စစ်ဘေးရှောင် စခန်းများရှိ ယာယီအဆောင်များ ပျက်စီးသွားကာ နေထိုင်စားသောက်ရေးအတွက် အခက်အခဲဖြစ်နေကြောင်း စစ်ရှောင်များက ပြောသည်။

“မုန်တိုင်းကြောင့် ပျက်စီးသွားတာကို ထောက်တိုင်နဲ့ထောက်ပြီး ဖြစ်သလိုနေထိုင်နေတယ်။ အထောက်အပံ့က WFP က ထောက်ပံ့တဲ့ ပိုက်ဆံသုံးသောင်းကျပ်ပဲရတယ်။ ကုန်ဈေးနှုန်းတွေကလည်း မြင့်တက်နေတော့ သားသမီးတွေရဲ့ ပညာရေး၊ ကျန်းမာရေးကအစ လိုက်မမီဘူး” ဟု ကျောက်တော်မြို့ ကဝိရတနာ စစ်ဘေးရှောင် စခန်းမှ မနွယ်နွယ်သန်းက ပြောသည်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် စစ်ကောင်စီနှင့် AA တို့ လူသားချင်းစာနာမှုကို အခြေခံ၍ အပစ်အခတ် ရပ်စဲပြီးနောက် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်း၊ ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင် တချို့ကို စစ်ကောင်စီက နေရပ်ပြန်ပို့ခဲ့သည်။

သို့သော် နေရပ်ပြန်သူများအတွက် စစ်ကောင်စီက တာဝန်ယူ၊ တာဝန်ခံမှု မရှိကြောင်း၊ စစ်ဘေးရှောင်များ နေရပ်ပြန်ရေးကိစ္စကို ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ထည့်သွင်းဆွေးနွေးရန် လိုအပ်ကြောင်း လွှတ်တော် အမတ်ဟောင်း ဦးအောင်သောင်းရွှေက သုံးသပ်ပြောသည်။

“ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ နွေရာသီပိုင်းက စစ်ဘေးရှောင်တွေကို အတင်းအဓမ္မ နေရပ်ပြန်ခိုင်းတာမျိုး ရှိတယ်။ ဒါပေမယ့် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ လုပ်ပေးတာမရှိဘူး။ အဲဒါကို လုပ်ပေးဖို့အတွက် အစိုးရမှာ တာဝန်ရှိသလို ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ process ထဲမှာ စစ်ဘေးရှောင်ကိစ္စကို ထည့်ပြီးဆွေးနွေးဖို့ လိုအပ်တယ်။ ဆွေးနွေးမှုတွေထဲမှာ ဒီကိစ္စတွေ မပါဝင်တဲ့အတွက်ကြောင့် အခုလိုလျစ်လျူရှုခံနေရတာ” ဟု ၎င်းကပြောသည်။

စစ်ဘေးရှောင်များ၏ အခက်အခဲများ ဖြေလျော့နိုင်အောင် စစ်ကောင်စီက အဓိက တာဝန်ယူ ဖြေရှင်းပေးရမည် ဖြစ်သော်လည်း မိုခါမုန်တိုင်း တိုက်ခိုက်ပြီးကာလတွင် ကူညီကယ်ဆယ်ရေးများကို စစ်ကောင်စီက ကန့်သတ်တားမြစ် ထားသောကြောင့် စစ်ဘေးရှောင်များမှာ ပို၍ အခက်အခဲရှိနေကြခြင်း ဖြစ်သည်။

ထို့အခြေအနေများကြောင့် စစ်ဘေးရှောင်တချို့မှာ UN အပါအဝင် အခြားလူမှုအဖွဲ့တချို့က ကူညီထောက်ပံ့သည့် အထောက်အပံပစ္စည်းများကို ဈေးကွက်အတွင်းရောင်းချကာ စားသောက်ရသည့်အဆင့်ထိ ဖြစ်လာနေသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here