ရခိုင်ပြည်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဟုဆိုပြီး ဖမ်းဆီးတရားစွဲဆိုထားသည့် အမှုများထဲမှ အမှုတချို့ကို ယခုရက်ပိုင်းတွင် အမိန့်ချမှတ်ခဲ့ပြီး တရားစွဲဆိုခံထားရသူ ၇ ဦး ထောင်ဒဏ် ချမှတ်ခံခဲ့ရကြောင်း သိရသည်။
ဖမ်းဆီးတရားစွဲဆို ခံထားသူများသည့် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ တကျော့ပြန် တိုက်ပွဲ ကာလအတွင်း ဖမ်းဆီးခံခဲ့ရသည့် ရခိုင်ဒေသခံ အရပ်သားအများစု ဖြစ်ကြသည်။
၎င်းတို့အား မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ- ၁၇ (၁)၊ နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ – ၅၀၅ (က)၊ လက်နက်ကိုင်ဆောင်မှုအက်ဥပဒေ ပုဒ်မ – ၂၁ (က) ပါဝင်သည့် အမှုများဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။
အဆိုပါအမှုများကို စစ်ဆေးပြီးသော်လည်း အမိန့်ချရန် ကြန့်ကြာနေခဲ့ရာမှ ယခုကဲ့သို့ အမိန့်ချမှတ်လာခြင်း ဖြစ်ကြောင်း ဖမ်းဆီးတရားစွဲဆို ခံထားသူများ၏ မိသားစုဝင်များက ပြောသည်။
ထောင်ဒဏ်ချမှတ်ခံရသူ ၇ ဦးတွင် စစ်တွေမြို့နယ်မှ ၂ ဦး၊ ပုဏ္ဏားကျွန်းမှ ၁ ဦး၊ မင်းပြားမှ ၁ ဦး၊ ကျောက်တော်မှ ၂ ဦး၊ အမ်းမှ ၁ ဦးတို့ ပါဝင်သည်။
စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာ(ဆတ်ရိုးကျ) ကျေးရွာမှ ဦးဘသိန်းနှင့် သက္ကယ်ပြင်(မွတ်ဆလင်) ကျေးရွာမှ ဦးဆော်လိမ်တို့ကို ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်က ပုဒ်မ – ၅၀၅ (က) ဖြင့် စစ်တွေမြို့နယ်တရားရုံးမှ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့သည်။
စက်တင်ဘာ ၁၃ ရက်တွင် အမ်းမြို့နယ်၊ သမ္မဝါယမဥက္ကဋ္ဌဖြစ်သူ ဦးအောင်တင်မြင့်နှင့် စက်တင်ဘာ ၁၉ ရက်တွင် မင်းပြားမြို့နယ်၊ ငှက်ရဲကောက်ကျေးရွာမှ ကိုသိန်းဇော်တို့ကို ပုဒ်မ – ၁၇(၁) ဖြင့် သက်ဆိုင်ရာတရားရုံးများမှ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့သည်။
ဆက်လက်ပြီး ကျောက်တော်မြို့နယ်၊ ပေါင်းတုတ်ကျေးရွာမှ ဦးကျော်သန်းမောင်နှင့် ပန်းဖဲချောင်းကျေးရွာမှ ကိုဇော်မိုးထက် တို့ကိုလည်း စက်တင်ဘာ ၁၅ ရက်က ပုဒ်မ – ၅၀၅(က) ဖြင့် ကျောက်တော်မြို့နယ်တရားရုံးမှ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်။
ကိုဇော်မိုးထက်၏ အစ်မဖြစ်သူမညိုညိုက “အခုလို ထောင်ဒဏ်ချမှတ်ခံလိုက်တာက ဘယ်လိုမှ တရားမျှတမှု မရှိဘူး။ သူတို့က AAနဲ့ဆက်စပ်မှု မရှိသလို ဘာဆူပူအောင်မှ လုပ်ခဲ့တာမဟုတ်ဘူး” ဟု ပြောသည်။
ကိုဇော်မိုးထက်မှာ ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်ပြီး ခေါင်းတုတ်ကျေးရွာမှ ဦးကျော်သန်းမောင်သည်လည်း အိန္ဒိယသုံးဘီးယာဉ်မောင်းသူ ဖြစ်ကြောင်း မိသားစုဝင်များထံက သိရသည်။
စက်တင်ဘာ ၁၈ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ မင်းကန်ကျေးရွာမှ ကိုမြတ်သူရထွန်းကို လက်နက် ကိုင်ဆောင်မှု အက်ဥပဒေပုဒ်မ – ၂၁(က) ဖြင့် စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သည်။
“အခုလို နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရတာက လုံးဝကို တရားမျှတမှု မရှိဘူး။ ကျမယောက်ျားက ဘယ်လက်နက်ကိုင်နဲ့ မှ ဆက်စပ်မှုရှိတာ မဟုတ်ဘူး။ အခုက မတရားထောင်ဒဏ် ချမှတ်ခံရတာဖြစ်တယ်” ဟု ကိုမြတ်သူရထွန်း၏ဇနီး ဒေါ်ဦးမညွန့်က ပြောသည်။
ကိုမြတ်သူရထွန်းမှာ နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ – ၅၀၅ (က) ဖြင့်လည်း တရားစွဲဆို ခံထားရပြီး အဆိုပါအမှုကို လာမည့် စက်တင်ဘာ ၂၈ ရက်တွင် စစ်တွေမြို့နယ်တရားရုံးမှ စွဲချက်အမိန့်ချရန် ရုံးချိန်းထားကြောင်း သိရသည်။
AA နှင့် ဆက်စပ်သည်ဟုဆိုကာ ရခိုင်ဒေသခံများကို ထောင်ဒဏ်ချမှတ်နေခြင်းမှာ ကောင်းသည့်လုပ်ဆောင်ချက် မဟုတ်ကြောင်း ရခိုင်နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။
“ဒီရက်ပိုင်းမှာ ရခိုင်က တရားရင်ဆိုင်နေရသူတွေကို ထောင်ဒဏ်ချမှတ်တာတွေ ခပ်စိပ်စိပ် တွေ့လာရတယ်။ ဒါက ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ မဟုတ်ဘူး။ အဲဒါကြောင့် အစိုးရကပဲ ဖြစ်ဖြစ်၊ တရားရေးကပဲဖြစ်ဖြစ် ရခိုင်ပြည်ရဲ့ ငြိမ်းချမ်းရေးကို ဦးတည်ပြီးတော့ ဒီလူတွေကို ထောင်ဒဏ်ချမှတ်မဲ့အစား ပြန်လွှတ်ပေးသင့်တယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ် ၂ ရက်နေ့က စစ်ကောင်စီမှ လွတ်ငြိမ်းခွင့်ပေးရာတွင် ရက္ခိုင်တပ်တော် (AA) နှင့် ဆက်စပ်သည့် သံသယဖြင့် မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ – ၁၇ (၁) ၊ (၂) တို့နှင့် တရားရင်ဆိုင်နေရသူ ၆၁ ဦး လွတ်မြောက်လာခဲ့သည်။
ရခိုင်တွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလက စတင်၍ လူသားချင်းစာနာထောက်ထားမှုကို အခြေခံကာ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ အကြား အပစ်အခတ် ရပ်စဲခဲ့သည်မှာ ယခုအခါ ၉ လကျော် ကြာမြင့်လာပြီ ဖြစ်သည်။ အပစ်ရပ်ထားစဉ်အတွင်း AA နှင့် ဆက်စပ်သည့် သံသယဖြင့် ဖမ်းဆီးထားသူများကို လွှတ်ပေးသင့်ကြောင်း နိုင်ငံရေးသမားများက ပြောဆိုကြသည်။
ကောက်ယူထားသည့် စာရင်းများအရ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ – ၁၇ (၁) (၂) ၊ နိုင်ငံတော် ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ – ၅၀၅ (က) တို့ဖြင့် ရခိုင်ပြည်အနှံ့က တရားရုံးအသီးသီးတွင် တရား ရင်ဆိုင်နေရသူ ၁၂၀ ကျော်ခန့် ကျန်ရှိနေသေးသည်။
အောင်ထိန်(DMG) ပေးပို့သည်။