ရခိုင်ပြည်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား အပြန်အလှန်ဖမ်းဆီးမှု ဖြစ်ပွားခဲ့သည်ဟု AA နှင့် နီးစပ်သူများထံမှ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၅ ရက်တွင် AA ဘက်မှ စစ်ကြောင်းမှူး ၁ ဦး ကားဖြင့် ခရီးသွားစဥ် အမ်းမြို့အဝင် စစ်ဆေးရေးဂိတ်၌ စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်ဟု ဆိုသည်။
ယင်းနောက် နိုဝင်ဘာ ၇ ရက်၊ နေ့လယ် ၂ နာရီခန့်တွင် မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက်ရှိ ကားဂိတ်အလွန် ဆီဆိုင်အနီးတွင် ကားတစ်စီးဖြင့် လှည့်ကင်းဆောင်ရွက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့နှင့် ရဲတပ်ဖွဲ့ဝင် အချို့ကို AA ဘက်က ဖမ်းဆီးသွားသည်ဟု AA နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
“ဆီဆိုင်အလွန် အဲ့နားမှာ ရဲ ၅ ယောက်ကို ဖမ်းလိုက်တယ်။ စစ်သားတွေလည်း ပါတယ်။ သူတို့ဘက်က ကိုယ့်လူတွေကိုဖမ်းလို့ အခုလို ပြန်ဖမ်းတာလို့သိရတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့နှင့် ရဲတပ်ဖွဲ့ဝင်အချို့ကို AA ဘက်က ဖမ်းဆီးသွားသည်မှာ ဟုတ်မှန်သည်ဟု AA ပြောခွင့်ရသူ ဦးခိုင်သုခက အတည်ပြု ပြောဆိုသည်။
“ဒီကနေ့ မြောက်ဦးမြို့မှာ အရပ်ဝတ်တွေဝတ်ပြီးတော့ အိမ်စီးကားနဲ့ လှည့်ပတ်သွားလာနေတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရဲတချို့ကို ကျနော်တို့ ရက္ခိုင့်တပ်တော်က ယာယီထိန်းသိမ်းထားပြီး မေးမြန်းနေတဲ့ ဖြစ်စဥ်တစ်ခု ရှိပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။
ယခုကိစ္စနှင့် ပတ်သတ်ပြီး ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျကို ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက်ကလည်း ကျောက်ဖြူမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် AA တို့အကြား အပြန်အလှန် ဖမ်းဆီးမှုတစ်ခု ဖြစ်ပွားခဲ့သေးသည်။
ယင်းဖြစ်စဉ်မှာ စက်တင်ဘာလ ၆ ရက်နေ့ နံနက်က ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာအုပ်စုတွင် နေထိုင်သည့် AA ၏ ဒုတိုက်နယ်မှူးအဆင့်ရှိသူ တစ်ဦးအား မြို့အဝင် ကျောက်တလုံးစစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ယင်းနေ့ (စက်တင်ဘာလ ၆ ရက်နေ့) နေ့လယ်ပိုင်းမှာပင် ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကျေးရွာ ရဲစခန်းတွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်မှ အရာရှိအဆင့် ၁ ဦးနှင့် ရဲတပ်သား ၂ ဦး တို့ကို AA အဖွဲ့ဝင်များက ပြန်လည်ဖမ်းဆီးခဲ့ပြီး နှစ်ဘက်အကြား အပြန်အလှန်ဖမ်းဆီးမှု ဖြစ်ပွားခဲ့ခြင်းပင် ဖြစ်သည်။
ယင်းနောက် နှစ်ဘက်တပ်အကြား အခြေအနေတင်းမာခဲ့ရာ ကြားခံပုဂ္ဂိုလ်များက ညှိနှိုင်းပေးခဲ့၍ ပြေလည်မှု ရခဲ့ကြောင်း ဒေသခံများက ပြောဆိုပါသည်။
နိရဉ္စရာ ပေးပို့သည်။