ရခိုင်တွင် လူသားချင်းစာနာမှုအဖွဲ့များကို ကန့်သတ်ပိတ်ပင်ထားလို့ တိုက်ပွဲတိမ်းရှောင်သူများ အခက်ကြုံနေ

0
300
ပုံစာ - ရခိုင်စစ်ဘေးရှောင်တချို့

ရခိုင်ပြည်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ လူမှုကူညီရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည့် NGO/INGO နှင့် အရပ်ဖက်အဖွဲ့များကို စစ်ကောင်စီက ကန့်သတ်ပိတ်ပင်ထားခြင်းကြောင့် တိုက်ပွဲတိမ်းရှောင်နေသူများ ပို၍ အခက်ကြုံနေကြသည်။

နိုဝင်ဘာလ အစောပိုင်းကစပြီး ရခိုင်ပြည်အတွင်းရှိ NGO/INGO နှင့် အရပ်ဖက်အဖွဲ့များကို စစ်ကောင်စီက ရှာဖွေစုံစမ်းကာ စစ်ဆေးနေခြင်းကြောင့် အရပ်ဖက်အဖွဲ့တချို့မှာ ထွက်ပြေးတိမ်းရှောင်နေကြသည်။

ယင်းအပြင် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ရခိုင်တိုက်ပွဲ စတင်ပြီးနောက် ကုန်းလမ်း၊ ရေလမ်း ခရီးသွားလာမှုကို စစ်ကောင်စီက ပိတ်ဆို့ထားသဖြင့် တိုက်ပွဲတိမ်းရှောင်သူများအား လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရန် အခက်အခဲများ ရှိနေကြသည်။

ရခိုင်အခြေစိုက် NGO အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက “စကစတော့ အကုန်လုံးကို လိုက်ကုပ်နေတာ ဆိုတော့ ဒုက္ခရောက်နေသူတွေကို ကူညီကယ်ဆယ်ရေးတွေ ပေးဖို့ဆိုတာက ထင်သလောက် မလွယ်ဘူး။ အကူအညီ လိုအပ်နေသူတွေက များသထက် များလာနေတယ်” ဟု ပြောသည်။

ရခိုင်ပြည်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲကြောင့် ပြည်သူ ၄ သောင်းကျော် ထွက်ပြေး တိမ်းရှောင်နေရပြီး အရပ်သားထိခိုက်သေဆုံးမှုလည်း နေ့စဉ်တိုးလာနေသည်။

ထွက်ပြေးနေကြသူများမှာ စားနပ်ရိက္ခာ၊ အဝတ်အထည်၊ နေထိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများ အရေးပေါ် လိုအပ်လျက်ရှိသည်။

“မိုးက တအားရွာနေတော့ နေဖို့နေရာ မရှိဘူး။ ကြောက်ကြောက်လန့်လန့်နဲ့ ပြေးလာရတာ ဘာမှယူဖို့မရခဲ့ဘူး။ ကျမှာဆိုရင် အဝတ်တစ်စုံပဲ ပါလာတယ်။ တခြားဘာမှ မပါဘူး။ နောက်ရက်တွေ ဘယ်လိုဖြစ်လာမယ်မှန်း မသိတော့ဘူး” ဟု ပေါက်တောမြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

တိုက်ပွဲတိမ်းရှောင်နေကြသူများကို ၎င်းတို့ ယာယီခိုလှုံနေကြသောနေရာမှ ဒေသခံများက ဝိုင်းဝန်းကူညီ ပေးထားကြသော်လည်း စစ်ကောင်စီက ခရီးသွားလာခွင့် ကန့်သတ်ထားခြင်းကြောင့် ရေရှည်တွင် အခက်အခက်ခဲများစွာနှင့် ကြုံတွေ့လာရနိုင်သည်။

လူသားချင်းစာနာမှု ကူညီရေးအဖွဲ့များကို စစ်ကောင်စီက ပိတ်ပင်ထားခြင်းသည် ဒုက္ခရောက်နေသူများအား ပို၍ဒုက္ခရောက်အောင် လုပ်ဆောင်နေခြင်းဟု ဝေဖန်နေကြသည်။

“စကစကတော့ ပြည်သူတွေကို နည်းမျိုးစုံနဲ့ သတ်နေတယ်။ လူမှုကူညီရေးအဖွဲ့တွေကို ပိတ်ပင်တာက ဒုက္ခရောက်နေသူကို သတ်နေတာနဲ့ အတူတူပါပဲ” ဟု မြောက်ဦးအခြေစိုက် အရပ်ဖက်အဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကုလသမဂ္ဂ၏ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ချက်တွင် – ရခိုင်အပါအဝင် မြန်မာနိုင်ငံအတွင်း ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများတွင် အထူးစိုးရိမ်စရာဖြစ်နေပြီး သက်ဆိုင်သူများအနေဖြင့် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေကို လေးစားလိုက်နာရန်နှင့် ပြည်သူများကို ကာကွယ်စောင့်ရှောက်ကြရန် တိုက်တွန်းထားသည်။

ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများတွင် လူသားချင်းစာနာထောက်ထားမှု အရေးပေါ်အကူအညီများ ပေးနိုင်ရန်အတွက် အတားအဆီးမရှိ ဝင်ရောက်သွားလာခွင့်ပေးရန်လည်း ကုလသမဂ္ဂက တောင်းဆိုထားသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here