ရခိုင်တွင် ဘဏ်စနစ်လည်ပတ်မှု ရပ်တန့်နေခြင်းကြောင့် အွန်လိုင်းငွေလွှဲငွေထုတ်အေဂျင်စီများပါ ငွေသားပြတ်လပ်

0
145

စစ်ရေးပြင်းထန်နေသော ရခိုင်ပြည်တွင် မြို့နယ် ၁၁ ခု ထက်မနည်း၌ ဘဏ်လုပ်ငန်းများ လည်ပတ်မှုရပ်တန့်နေ၍ ငွေသားပြတ်လပ်မှုနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများနှင့် ငွေလွှဲငွေထုတ် အေဂျင်စီများထံမှ သိရသည်။

စစ်ကောင်စီက ထိန်းချုပ်ထားဆဲမြို့များတွင် ဘဏ်များကို ဖွင့်လှစ်ထားသော်လည်း ငွေကြေးလည်ပတ်မှု မရှိသဖြင့် Online ငွေလွှဲငွေထုတ် အေဂျင်စီများကိုသာ အားကိုးနေရကြောင်း ဒေသခံများက ပြောသည်။

“ငွေသားရှားပါးလာတော့ ငွေထုတ်ခရာခိုင်နှုန်းက အရင်ကထက် ၃ ဆလောက် မြင့်တက်သွားတယ်။ ဒီပြဿနာကို မဖြေရှင်းနိုင်ရင်တော့ အခက်အခဲတွေ တော်တော်လေးကို ရှိလာနိုင်တယ်” ဟု တောင်ကုတ်မြိုမှ ဒေသခံတစ်ဦးက ပြောသည်။

ဘဏ်လုပ်ငန်းများ ရပ်တန့်နေတာကြောင့် ဒေသခံများသည် ငွေလွှဲငွေထုတ်အတွက် Online ငွေကြေးလဲလှယ်မှုစနစ်ကို အဓိက အားထားနေရပြီး ထိုသို့ငွေသားရှားပါးလာမှုကြောင့် ငွေတစ်သိန်းလျှင် ၁၂ ရာခိုင်နှုန်းအထိ ငွေထုတ်ခ ပေးနေရသည်။

ဘဏ်စနစ်လည်ပတ်မှု မရှိတော့သဖြင့် ဘဏ်များနှင့် ချိတ်ဆက်လုပ်ကိုင်နေသော Wave Pay၊ KBZ Pay အေဂျင်စီများမှာ ငွေသွင်းငွေထုတ် ပြုလုပ်ရာ၌ အခက်အခဲရှိလာ၍ ငွေကြေးရှိသူများထံမှ ငွေကြေးကိုဝယ်ယူ၍ လုပ်ငန်းလည်ပတ်နေရကြောင်း Online ငွေလွှဲငွေထုတ်အေဂျင်စီများက ပြောဆိုသည်။

“ဘဏ်တွေ ရပ်တန့်နေလို ဘဏ်အကောင့်ထဲက ငွေတွေကို ထုတ်လိုမရတော့ ငွေသားတွေက တော်တော်လေးကို ရှားပါးလာတယ်။ လုပ်ငန်းလည်ပတ်ဖို့ ငွေသားကို ရာခိုင်နှုန်းပေးပြီး ဝယ်ယူနေရတယ်” ဟု ပုဏ္ဏားကျွန်းမြိုနယ်မှ ငွေလွှဲငွေထုတ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။

ရခိုင်ပြည်အတွင်း စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သော စစ်တွေမြို့ အပါအဝင် ရခိုင်တောင်ပိုင်းက မြို့ ၅ မြို့ တွင် ဘဏ်စနစ် လည်ပတ်မှုရှိနေပြီး ရက္ခိုင့်တပ်တော် (AA) ထိန်းချုပ်ထားသော မြို့ ၈ မြို့နှင့် စစ်ရေး ပြင်းထန်နေသည့် အမ်း၊ ဘူးသီးတောင်၊ မောင်တောမြို့တို့တွင် ဘဏ်လုပ်ငန်းများ ရပ်တန့်နေသည်။

တိုက်ပွဲစတင်ချိန်မှစ၍ ရခိုင်ဒေသကို စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်း ပိတ်ဆိုလိုက်သဖြင့် စီးပွားရေးလုပ်ငန်းများမှာလည်း တဖြည်းဖြည်း ထိုးကျလာနေသည်။

“တိုက်ပွဲဖြစ်လို လမ်းတွေ ပိတ်လိုက်ကတည်းက ရခိုင်ပြည်က ထွက်ကုန်တွေ တစ်ခုမှကို တင်ပိုလို့ မရဘူး။ ကိုယ်ပြည်ကကုန်တွေ မထွက်တော့ ဝင်ငွေမရဘဲ ထွက်ငွေပဲရှိနေတာကြောင့် ငွေသားက တစ်နေ့ထက်တစ်နေ့ ရှားလာဖိုပဲရှိတယ်” ဟု ရခိုင်က စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ဘဏ်စနစ်လည်ပတ်မှု ရပ်တန့်နေခြင်းကြောင့် ငွေသားပြတ်လပ်၍ ငွေကြေးစီးဆင်းမှု မရှိတော့သဖြင့် ဒေသခံများ၏ လူမှုစီးပွားဘဝမှာ တနေ့ထက်တနေ့ ဆုတ်ယုတ်လာနေသည်။

ရခိုင်တိုက်ပွဲ လေးလကျော်အတွင်း ရခိုင်က မြိုနယ် ၈ ခုနှင့် ချင်းပြည်နယ် ပလက်ဝမြိုနယ်တိုကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားပြီး လက်ရှိတွင် မောင်တော၊ ဘူးသီးတောင်၊ အမ်းမြို့နယ်တို၌ တိုက်ပွဲပြင်းထန်လျက်ရှိသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here