ရခိုင်တွင် တကျော့ပြန်တိုက်ပွဲ ပြန်ဖြစ်လာနိုင်သည့်စိုးရိမ်မှုဖြင့် နယ်ဘက်မှဒေသခံများ ဗုံးခိုကျင်းများတူးနေ

0
311

ရခိုင်ပြည်တွင် စစ်မျက်နှာပြန်ပွင့် (တကျော့ပြန်တိုက်ပွဲပြန်ဖြစ်) လာနိုင်သည့်အတွက် နယ်ဘက်တွင်နေထိုင်ကြသည့် ဒေသခံပြည်သူများက နေအိမ်များအတွင်း ဗုံးခိုကျင်းများနှင့် အကာအကွယ်များ ကြိုတင် လုပ်ဆောင်နေကြောင်း သိရသည်။

ရှမ်းပြည်မြောက်ပိုင်း၌ ဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေးတွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့်အတူ ရက္ခိုင့်တပ်တော်(AA) သည်လည်း စစ်ကောင်စီတပ်များကို ပူးတွဲဆင်နွှဲတိုက်ခိုက်လျက် ရှိနေသည်။

အဆိုပါ စစ်ဆင်ရေးတွင် ရက္ခိုင့်တပ်တော်(AA) လည်း ပါဝင်နေ၍ ရခိုင်တွင် စစ်မျက်နှာပြန်ပွင့် (တကျော့ပြန် တိုက်ပွဲပြန်ဖြစ်) လာနိုင်သည့်အတွက် နယ်ဘက်ရှိ ဒေသခံပြည်သူများက ဗုံးခိုကျင်းနှင့် အကာအကွယ်များကို ကြိုတင် ပြင်ဆင်နေခြင်းဖြစ်သည်ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

“ဗုံးခိုကျင်းတွေကတော့ ဟိုအရင်ကတည်းက တူးခိုင်းထားတာတွေ ရှိတယ်ပေါ့နော်။ အခုလည်း ပြည်မဘက်က စစ်ဆင်ရေး တိုက်ပွဲတွေကြောင့် ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာတော့ မပြောတတ်ဘူး။ ဗုံးခိုကျင်းတွေ တူးကြတယ်။ လုံခြုံအောင် ပြင်ဆင်ကြတယ်။ ပြီးတော့ သဲအိတ်တို့၊ ကျောက်အိတ်တို့ကို အကာအကွယ်တွေ အဖြစ် လုပ်နေကြတာတွေတော့ရှိတယ်” ဟု အဆိုပါဒေသခံက ပြောသည်။

စစ်မျက်နှာပြန်ပွင့် (တကျော့ပြန်တိုက်ပွဲပြန်ဖြစ်) လာနိုင်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ခမောင်းတော၊ ယိုးတရုတ် အစရှိသည့် ကျေးရွာအများအပြားနှင့် ကျောက်တော်မြို့နယ် အတွင်းရှိ ကန်စောက်၊ ပန်းဖဲချောင်း၊ ချောင်းတူ စသည့် ကျေးရွာအများအပြားမှ ဒေသခံများသည် တိုက်ပွဲ ပြန်ဖြစ်မည်ကို စိုးရိမ်သည့်အတွက် ဗုံးခိုကျင်းနှင့် အကာအကွယ်များကို ကြိုတင်လုပ်ဆောင်ထားသည်ဟုလည်း သိရသည်။

ကျောက်တော်မြို့နယ်မှ ဒေသခံတစ်ဦးက “ ဒေသခံတွေအနေနဲ့တော့ ဒီဗုံးခိုကျင်းတူးပြီး ကာကွယ်ရတာပဲ ရှိတာလေ။ တချို့ရွာက ရွာသားတွေဆို လုံခြုံမယ်လို့ထင်ရတဲ့ တခြားရွာတွေကို ပစ္စည်းတွေပြောင်းရွေ့ထားတယ်။ တစ်ခုခုဆို ချက်ချင်းပြောင်းရွေ့လို့ရအောင်ပေါ့။ တချို့တွေကျတော့လည်း မဖြစ်သရွေ့ အရေးတယူ မလုပ်ကြတာလည်း ရှိတယ်။ ပေါ့ပေါ့ပျက်ပျက်နဲ့ပေါ့” ဟု ပြောသည်။

ယင်းအပြင် ရခိုင်တွင် စစ်မျက်နှာပြန်ပွင့် (တကျော့ပြန် တိုက်ပွဲပြန်ဖြစ်) ၍ တိုက်ပွဲများဖြစ်ပွားလာပါက ယခင်ကထက် ပိုမိုပြင်းထန်သည့် တိုက်ပွဲများ ဖြစ်လာနိုင်သလို ဒေသခံပြည်သူများအနေဖြင့်လည်း အထူးဂရုစိုက်ကြရန် လိုအပ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက သုံးသပ်ပြောဆိုထားသည်။

ကျောက်တော်မြို့နယ်မှ ဒေသခံတစ်ဦးက “ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ တိုက်ပွဲတွေ ထပ်ဖြစ်လာရင် တခါတည်း အဆုံးသတ်တိုက်ပွဲတွေ ဖြစ်စေချင်တယ်။ ဘာလို့လဲဆိုတော့ ဟိုဟာစိုးရိမ်ရ၊ ဒီဟာစိုးရိမ်ရနဲ့ နေရမယ့်တူတူ လာမယ့်ဘေးကို ကြိုတင်ပြီး ရင်ဆိုင်လိုက်တာက အကောင်းဆုံးလို့ထင်တယ်။ အဆုံးသတ်တိုက်ပွဲ ဖြစ်ရင်တော့ ပိုကောင်းတာပေါ့” ဟု ပြောသည်။

ရခိုင်တွင် ရက္ခိုင်တပ်တော် (AA)နှင့် စစ်ကောင်စီတပ်တို့သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ် ရပ်စဲရေးကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလက ရပ်စဲခဲ့ကြသည်။

သို့သော် စစ်ကောင်စီက ရခိုင်တွင် စစ်အင်အားဖြည့်တင်းခြင်း၊ ရိက္ခာဖြည့်တင်းခြင်းအပြင် စစ်ရေးလှုပ်ရှားမှုများနှင့် လက်နက်ကြီးများ စမ်းသပ်ပစ်ခတ်ခြင်းတို့ကို မကြာခဏဆိုသလို ပြုလုပ်လျက်ရှိနေသည်။

ရခိုင်ပြည်ရှိ ကုန်းလမ်း၊ ရေလမ်းတို့တွင်လည်း စစ်ကောင်စီက ယခုအချိန်ထိ စစ်ဆေးမှုများကို တင်းတင်းကြပ်ကြပ် ပြုလုပ်နေဆဲဖြစ်ကာ အချိန်ကြာမြင့်စွာ စစ်ဆေးခြင်းကြောင့် ဒေသခံတချို့ အသက်သေဆုံးသည်အထိ ရှိခဲ့သည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here