ရခိုင်တွင် စစ်တွေထောင်မှ ၃၃ ဦး၊ သံတွဲထောင်မှ ၁ ဦးနှင့် ကျောက်ဖြူထောင်မှ ၅ဝ ကျော် လွတ်မြောက်

0
262
ပုံစာ- ရခိုင်ရှိ အကျဉ်းထောင်များမှ ၈၄ ဦး လွတ်မြောက်လာ။

ရခိုင်ပြည်နယ်အတွင်း သြဂုတ် ၁ ရက်နေ့ ညနေပိုင်းအထိ စစ်တွေထောင်မှ ၃၃ ဦး၊ သံတွဲထောင်မှ ၁ ဦးနှင့် ကျောက်ဖြူထောင်မှ ၅ဝ ကျော် လွတ်မြောက်ခဲ့ကြောင်း ကနဦး သိရသည်။

စစ်တွေထောင်မှ လွတ်မြောက်သူ ၃၃ ဦး အနက် ၃၂ ဦးမှာ နိုင်ငံရေးနှင့် မဆက်စပ်ဘဲ အခြားပြစ်မှုများကြောင့် ထောင်ဒဏ် ချမှတ်ခံထားရသူများ ဖြစ်သည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူများထံက သိရသည်။

ကျန် ၁ ဦးမှာ သတင်းဌာနတစ်ခုကို ပလက်၀မြို့တွင် စစ်တပ်က အလံဖြူထောင်သည်ဟု ပြောဆိုမှုကြောင့် နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့မှ ကိုတင်ထွန်းအောင် (၃၈)နှစ် ဆိုသူဖြစ်သည်ဟု ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ အဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။

“စစ်တွေထောင်ထဲမှာတော့ ၁၇ (၁) တို့၊ ၅ဝ၅ (က) တို့ နဲ့ ရှိနေသူက ၂ဝ၊ ၃ဝ လောက် ရှိမယ်။ အဲဒီထဲမှာမှ တစ်ယောက်တည်း လွတ်တယ်ဆိုတော့ လွတ်ငြိမ်းချမ်းသာခွင့်လို့သာ ပြောတာ သူတို့မှာ လက်နက်ကိုင်တွေနဲ့ ဆက်စပ်လို့ ဖမ်းဆီးထားတဲ့သူတွေကို ထောင်တို့၊ အချုပ်ထောင်တို့မှာ တရားစွဲဆိုထားတဲ့သူတွေကိုလည်း ပြစ်မှုက ကင်းလွတ်ပေးဖို့ဆိုပြီး ပါတယ်။ အဲလိုဆိုတော့ သူတို့တွေ မလွတ်ဘဲနဲ့ ရိုးရိုးလူတွေပဲ လွတ်တယ်ဆိုတော့ သူတို့က အပြောနဲ့အလုပ် မညီဘူးလို့ ပြောချင်ပါတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင် ၂၂ ဦး ထဲတွင် AA အဖွဲ့ဝင် တစ်ဦး လွတ်မြောက်လာခဲ့သည်။ ၎င်းလွတ်မြောက်လာသူမှာ ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဝင် ဦးအောင်နိုင်မြင့် ဖြစ်ပြီး ၎င်းသည် သံတွဲထောင်မှ လွတ်မြောက်လာသည်ဟု ဦးမြတ်ထွန်းက ပြောသည်။

ကျောက်ဖြူထောင်မှ လွတ်မြောက်လာသူ ၅ဝ ကျော်တွင် နိုင်ငံရေးအကျဉ်းသား တစ်ဦးမျှ ပါဝင်မှု မရှိကြောင်းနှင့် ဘူးသီးတောင် အကျဉ်းထောင်မှ ဘယ်နှစ်ဦး လွတ်မြောက်လာသည် ဆိုသည်ကို လောလောဆယ် စုံစမ်းနေဆဲ ဖြစ်သည်။

စစ်ကောင်စီက ယနေ့ကျရောက်သည့် ဒုတိယဝါဆိုလပြည့်နေ့တွင် မြန်မာနိုင်ငံမှ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသားအကျဉ်းသူ ၇,၇၄၉ ဦး တို့ကို ပြစ်ဒဏ်လျှော့ပေါ့ကာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုခဲ့သည်။

သမ္မတဟောင်း ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည် တို့ကိုလည်း ကျခံနေရသည့် ပြစ်ဒဏ်များကို လျော့ပေါ့ပေးခဲ့သည်။

ယင်းအပြင် တရားစွဲဆိုထားဆဲဖြစ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆက်စပ်သူ ၇၂ ဦး၏ တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများကိုလည်း ပိတ်သိမ်း၍ အမှုမှ လွှတ်ပေးခဲ့သည်။

အလားတူ နိုင်ငံခြားသား အကျဉ်းသူအကျဉ်းသား ၁၂၅ ဦး ကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကာ ပြည်နှင်ဒဏ် ပေးခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here