ရခိုင်တွင် စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှု၊ စစ်ရေးပြင်ဆင်မှုများမှာ ယခင်ထက် ပိုမိုများပြားလာနေသည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့ထုတ်ပြန်

0
353

ရခိုင်ပြည်နယ်တွင် လတ်တလော၌ တိုက်ပွဲများ မဖြစ်ပွားသေးသော်လည်း စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှု၊ စစ်ရေးပြင်ဆင်မှုများမှာ ယခင်ထက် ပိုမိုများပြားလာနေသည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်လိုက်သည်။

ရှမ်းပြည်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့ က ဦးဆောင်ဖော်ဆောင်နေသည့် “Operation 1027” “၁၀၂၇ စစ်ဆင်ရေး” ၉ ရက်မြောက်နေ့ တိုက်ပွဲသတင်းများနှင့် ပတ်သက်ပြီး နိုဝင်ဘာ ၄ ရက်နေ့က ထုတ်ပြန်လိုက်သည့် ထုတ်ပြန်ချက်တွင် ထိုသို့ဖော်ပြထားခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ရက္ခိုင်ဒေသအတွင်း၌ လောလောဆယ် တိုက်ပွဲများ မဖြစ်ပွားသေးသော်လည်း ရန်သူ့စစ်ရေး လှုပ်ရှားမှု၊ စစ်ရေး ပြင်ဆင်မှုများမှာ ယခင်ထက် ပိုမိုများပြားလာနေသည်ကို တွေ့ရှိနေရကြောင်း၊ ရက္ခိုင့်တပ်တော် (AA) သည် ညီနောင်မဟာမိတ်များနှင့် မဟာမိတ် နယ်မြေများရှိ ရက္ခိုင့်တပ်တော် စစ်ကြောင်း လှုပ်ရှားရာ နယ်မြေများတွင် ဟန်ချက်ညီ ပူးပေါင်းစစ်ဆင်ရေးကို ဆင်နွှဲလျက်ရှိသလို စစ်ကိုင်းတိုင်းအတွင်းရှိ ထီးချိုင့်၊ ကောလင်းမြို့ ပတ်ဝန်းကျင်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အောက်တိုဘာ ၂၇ ရက်တွင် စတင်ခဲ့သည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) ညီနောင်မဟာမိတ် ၃ ဖွဲ့ ဦးဆောင်ပြီး ကိုးကန့်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းထိုးစစ်တွင် စစ်ကောင်စီတပ်များ အထိနာကာ အကျအဆုံးများပြားခဲ့ပြီး ချင်းရွှေဟော်နယ်စပ်မြို့အပါအဝင် မြို့လေးမြို့ကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့သည် မိမိတို့ စတင်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး” ၏ နိုင်ငံရေးရည်မှန်းချက်များကို တော်လှန်ရေး ညီအစ်ကိုမဟာမိတ် တပ်ဖွဲ့ဝင်များနှင့် အတူတကွ လက်တွဲဖော်ဆောင်လျက်ရှိရာ “၁၀၂၇ စစ်ဆင်ရေး” သည်လည်း တစ်နေ့ထက်တစ်နေ့ အရှိန်မြင့်လာလျက်ရှိနေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဆက်ဖော်ပြထားသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here