ရခိုင်တွင် စစ်ကောင်စီတပ် အင်အားမလုံလောက်လို့ စခန်းငယ်များရုပ်သိမ်းပြီး တပ်ရင်း၊ တပ်မ၊ တိုင်းစစ်ဌာနချုပ်တို့တွင် သွားရောက်ပူးပေါင်းနေ

0
461

ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီတပ်အင်အား မလုံလောက်၍ အထိုင်ချထားသည့်စခန်းငယ်များကို ရုပ်သိမ်းပြီး တပ်ရင်း၊ တပ်မ၊ တိုင်းစစ်ဌာနချုပ်တို့တွင် သွားရောက်ပူးပေါင်းနေကြသည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် တပ်အင်အားမလုံလောက်မှုနှင့် ရင်ဆိုင်နေရပြီး ရက္ခိုင့်တပ်တော် (AA) ၏ ခြိမ်းခြောက်မှုကို ခံနေရသည့် အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ အထိုင်စခန်းနှစ်ခုမှ စစ်သားများကို ထပ်မံရုပ်သိမ်းကာ ပူးပေါင်းသွားခဲ့သည်ဟု သိရသည်။

စခန်းစွန့်ခွာသွားသည် တပ်စခန်းနှစ်ခုမှာ အမ်းမြို့နယ်မှ ကညှင်တောင်အထိုင်စခန်းနှင့် ပိန္နဲတောင် အထိုင်တပ်စခန်းများ ဖြစ်ပြီး ရုပ်သိမ်းသွားသည့် တပ်ဖွဲ့ဝင်ဦးရေကိုမူ အတိအကျ မသိရှိရသေးကြောင်း အမ်းမြို့နယ်ဒေသခံတစ်ဦးက ပြောသည်။

“သူတို့ မနေ့ (နိုဝင်ဘာ ၁၅ ရက်) က ညပိုင်းမှာ စခန်းကစွန့်ခွာသွားကြတာ ဖြစ်နိုင်တယ်ပေါ့နော်။ အခု မနက်ပိုင်းမှာတော့ အဲဒီစခန်းနှစ်ခုစလုံးမှာ စစ်သားတွေတယောက်မှ မရှိတော့ဘူး” ဟု အဆိုပါဒေသခံက ပြောသည်။

အဆိုပါစစ်စခန်းနှစ်ခုမှ စွန့်ခွာထွက်ပြေးသွားသည့် စစ်သားများသည် အမ်းမြို့ပေါ်ရှိတပ်ရင်းများသို့ ပူးပေါင်းသွားခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“အဲဒီစစ်သားတွေက အမ်းကို ပြောင်းရွှေ့သွားတာလို့သိရတယ်။ အရင်က အနောက်ပိုင်းစစ်ဌာနချုပ်ကို ကာထားတဲ့ အမ်းမြို့နယ်ထဲက စခန်းငယ်တွေကို အကုန်လုံးရုပ်သိမ်းပြီး အမ်းမြို့ပေါ်က တပ်ရင်းတွေမှာ သွားပေါင်းတယ်လို့ သိရပါတယ်” လို့ ၎င်းက ဆိုသည်။

ကညှင်တောင်စစ်စခန်းမှာ လုံးကောက်ကျေးရွာအုပ်စု၊ ညောင်ချောင်းကျေးရွာအနီးတွင်တည်ရှိပြီး ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် တကျော့ပြန်တိုက်ပွဲကာလကပင် အထိုင်ချတပ်စွဲနေသည့် စခန်းတစ်ခုဖြစ်ကြောင်း သိရသည်။

အလားတူ ပိန္နဲတောင်စစ်စခန်းမှာလည်း ဒါးလက်အုပ်စု၊ အလယ်ကျွန်းကျေးရွာအနီးတွင်တည်ရှိပြီး ၂၀၁၈ ရခိုင်တိုက်ပွဲကာလကပင် တပ်စွဲထားခြင်းဖြစ်ကြောင်း သိရသည်။

ယခင်ရခိုင်တိုက်ပွဲတုန်းက စစ်ကောင်စီသည် တပ်မ ၉၉၊ တပ်မ ၅၅၊ တပ်မ ၂၂၊ တပ်မ ၁၁ အပါအဝင် တပ်မ ၅ ခုလောက်ကို ရခိုင်တွင် ဖြန့်ကျက်ချထားခဲ့သော်လည်း လက်ရှိတွင် တပ်မ ၂၂ နှင့် တပ်မ ၁၁ သာ ကျန်ရှိတော့ သည်ဟု သိရသည်။

စစ်ရေးလေ့လာအကဲခတ်သူတစ်ဦးက “ကျွန်တော်သိရသလောက်ဆိုရင် အရင် တပ်မ ၅၅ ထိုင်ခဲ့တဲ့ မြောက်ဦးမှာ ပလက်၀မှာရှိနေတဲ့ တပ်မ ၁၁ ကိုခေါ်ယူပြီး အစားထိုးထားတယ်။ တပ်မ ၅၅ ကတော့ ကရင်နီနဲ့ ရှမ်းတောင်ကို ရောက်သွားတယ်လို့ သိရတယ်။ တပ်မ ၂၂ ကတော့ ဘူးသီးတောင်မှာ နေရာချထားတယ်လို့ သိရတယ်။ ရခိုင်မှာ စစ်တပ်အင်အား သိပ်မရှိဘူး။ AA ထိုးစစ်ကို ခံစစ်နဲ့ သူတို့ကာမယ်။ နောက်ဝေဟင်နဲ့ ရေကနေ သူတို့ဝိုင်းရံမယ်။ အဲသလိုမျိုးတော့ မြင်ရတယ်” ဟု ပြောသည်။

လက်ရှိ ရခိုင်စစ်ပွဲအနေအထားမှာ ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်အနေအထားဖြင့် တိုက်ပွဲဝင်ရန် အခြေအနေ ရှိနေပြီး စစ်ကောင်စီတပ်မှာ ခံစစ်အနေအထားနဲ့ တိုက်ပွဲပြင်ဆင်နေသည့် အနေအထားကို တွေ့ရသည်ဟု ၎င်းက ပြောပါသည်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရခိုင်တွင် သာလွန်အင်အားဖြင့် တိုက်ခိုက်မည်ကို စိုးရိမ်ရသဖြင့် စခန်းငယ်များကို ရုပ်သိမ်းကာ နောက်တပ်ရင်းများတွင် စုဖွဲ့မှု ပြုလုပ်နေရကြောင်း ထုတ်ဖော် ပြောဆိုထားသည်။

ရခိုင်ပြည်တွင် ရက္ခိုင့်တပ်တော် (AA) က စခန်းသိမ်းတိုက်ပွဲများ ဆက်တိုက်ဖော်ဆောင်လာပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့များသည် AA ထံ လက်နက်ချ အလင်းဝင်မှု များပြားလာသည်ဟု တွေ့ရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here