ရခိုင်တွင် စစ်ကောင်စီက လက်နက်စမ်းသပ် ပစ်ခတ်မှုများ ပိုလုပ်လာဟု ဒေသခံများပြောဆို

0
368
ပုံစာ - စစ်ကောင်စီက လက်နက်စမ်းသပ် ပစ်ခတ်မှုများ ပိုလုပ်လာနေ

ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ အကြား တစ်ဘက်နှင့်တစ်ဘက် စစ်ရေးအရ ပြန်လည်တင်းမာမှု ရှိလာနေချိန်တွင် စစ်ကောင်စီက လက်နက်စမ်းသပ် ပစ်ခတ်မှုများကို တိုးလုပ်လာသည်ဟု ဒေသခံများက တဆင့် သိရသည်။

ဇူလိုင် ၂၁ ရက် နံနက် ၇ နာရီကျော်ခန့်က ကျောက်တော်မြို့ အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်က လက်နက်ငယ်များ စမ်းသပ်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာတွင် လက်နက်ငယ် ပစ်ခတ်သံများကို အနီးအနားရှိ ကျေးရွာများကပါ ကြားခဲ့ရသည်ဟု ကျောက်တော်မြို့နယ် နဂရာကျေးရွာသားတစ်ဦးက အခုလို ပြောသည်။

“သောကြာနေ့ မနက်ပိုင်းလောက်မှ လက်နက်ငယ်ပစ်သံတွေ ကြားရတယ်။ မနက် ၇ နာရီလောက် အချိန်ပေါ့။ သူတို့က လက်နက်စမ်းသပ် ပစ်ခတ်မယ် ဆိုတာသိပေမယ့် လက်နက်သံကြားတော့ ကျေးရွာသားတွေက စိုးရိမ်ကြတာပေါ့” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီက လက်နက်ကြီး စမ်းသပ် ပစ်ခတ်မည်ဖြစ်ကြောင်း အနီးအနားကျေးရွာများသို့ အကြောင်းကြား ထားသော်လည်း လက်နက်ငယ်များသာ ပစ်ခတ်ခဲ့ကြောင်း၊ နှစ်ဖက်အပစ်အခတ် ရပ်စဲထားချိန်တွင် ယခုကဲ့သို့ လက်နက်စမ်းသပ် ပစ်ခတ်သည့်အပေါ် စိုးရိမ်မိကြောင်း ကျေးရွာသားတစ်ဦးက ပြောဆိုသည်။

“လက်နက်စမ်းတာက ပြည်သူတွေနေတဲ့ အနီးအနားမှာ မပြုလုပ်သင့်ဘူး။ လက်နက်ကြီးစမ်းဖို့ ရှိတယ်ဆိုရင် ပင်လယ်ပြင် တစ်နေရာဖြစ်ဖြစ်၊ လူသူမရှိတဲ့ နေရာမှာပဲ ဖြစ်ဖြစ် ပြုလုပ်မှာပေါ့။ အခုက ရွာတွေပဲ ရှိတဲ့နေရာမှာ စမ်းတယ်ဆိုတာက ခြိမ်းခြောက်တာလည်း ဖြစ်နိုင်တယ်။ ရွာတွေမှာ လူတွေရှိနေတော့ စိုးရိမ်မှုကလည်း ရှိနေတယ်” ဟု ဆိုသည်။

စစ်ကောင်စီ လက်နက်စမ်းသပ်ပစ်ခတ်ခဲ့သည့် စကခ (၉) အနီးတွင် နဂရာကျေးရွာ၊ ရုတ်သားကျေးရွာနှင့် ခေါင်းတုတ်ကျေးရွာများ ရှိနေပြီး၊ ယင်းကျေးရွာများမှ ကျေးရွာသားအများစုမှာ မြို့ပေါ်ရှိ စစ်ဘေးရှောင် စခန်းများတွင် နေထိုင်နေကြပြီး လယ်ယာ လုပ်ငန်းလုပ်ကိုင်ရန်အတွက် ရွာသားတချို့သာ ကျေးရွာအတွင်း နေထိုင်နေသည်ဟု ဒေသခံရွာသားများထံက သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်၊ နံနက် ၇ နာရီခန့်ကလည်း မင်းပြားမြို့နယ်ရှိ စစ်ကောင်စီသင်တန်းကျောင်း တစ်ခုဖြစ်သည့်တိုင်းဗဟို (၉)မှ လက်နက်ကြီးပစ်သံနှင့် လက်နက်ငယ်ပစ်ခတ်သံများကို ကြားခဲ့ရသည်ဟု ဒေသခံများက ပြောဆိုသည်။

လက်နက်ငယ် ပစ်ခတ်သံများနှင့် အတူ လက်နက်ကြီး ပစ်ခတ်သံ ၁၀ ချက်ခန့် အထိ ရှိခဲ့ကြောင်း အမည်မဖော်လိုသည့် မေလွမ်းကျေးရွာသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၇ ရက် နှင့် ၈ ရက် တို့တွင်လည်း တိုင်းဗဟို (၉) မှ လက်နက်ငယ် ပစ်ခတ်သံများ ၂ ရက် ဆက်တိုက် ထွက်ပေါ်ခဲ့သေးကြောင်း ဒေသခံများက ပြောသည်။

မင်းပြား တိုင်းဗဟို (၉) သည် စစ်ကောင်စီတပ်၏ စစ်ရေးလေ့ကျင့်သည့် နေရာတစ်ခု ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် ရက္ခိုင့်တပ်တော် (AA) က စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့သည့် နေရာလည်း ဖြစ်သည်။

ရခိုင့်နိုင်ငံရေး လေ့လာသုံးသပ်သူ မြေပုံမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက “ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှု ပျက်ပြားလာရင်တော့ တိုက်ပွဲကတော့ ဖြစ်လာနိုင်တယ်။ မကြာခဏ ထိတွေ့မှုတွေ ဖြစ်လာတယ်။ ပွတ်တိုက်မှုတွေ ဖြစ်လာတယ်။ ဆွေးနွေးပွဲလမ်းကြောင်း ဆိုရင်လည်း ဆွေးနွေးကြပေါ့။ ဆွေးနွေးပွဲ လမ်းကြောင်း မရောက်ဘူးဆိုရင် အဲလိုနဲ့ ယုံကြည်မှုလည်း ပြန်ပြီးပျက်စီးသွား တတ်တယ်ပေါ့” ဟု သုံးသပ်ပြောသည်။

ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား လူသားချင်း စာနာထောက်ထားမှု လိုအပ်ချက်ဖြင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်မှ စတင်ပြီး ယနေ့အထိ အပစ်အခတ် ရပ်စဲထားသော် စစ်ကောင်စီသည် စစ်အားဖြည့်တင်းပြီး စစ်ရေးပြင်ဆင်မှုများ ရှိနေကြောင်း သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်နေသည်။

ယခုလို ငြိမ်းချမ်းရေးယူထားပြီး အပစ်ရပ်စဲထားချိန်တွင် စစ်ရေးအရ ပြင်ဆင်မှုများ အပါအဝင် လက်နက်စမ်းသပ် ပစ်ခတ်မှုမျိုးသည် နှစ်ဘက်ယုံကြည်မှု ပျက်ပြားနိုင်သဖြင့် စစ်ကောင်စီအနေဖြင့် ရှောင်ရှားသင့်သည်ဟု ရခိုင့်အရေး လေ့လာသူများက ဆိုကြသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here