
မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်အတွင်း လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများ၏ ခရီးသွားခွင့်ပြုချက်များကို စစ်ကောင်စီက ယာယီဆိုင်းငံ့ထားဆဲဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဇွန်လ ၁၉ ရက်တွင် ထုတ်ပြန်သည်။
လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများအတွက် ခရီးသွားခွင့်ပြုချက် (TAs) များကို ယာယီဆိုင်းငံ့ထားခြင်းကြောင့် ရခိုင်ပြည်တစ်ဝှမ်း လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုအပေါ် သက်ရောက်မှု ရှိသည်ဟု UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့ မုတ်သုံရာသီ ရေကြီးရေလျှံမှုတွေဟာ ဆိုက်ကလုန်း မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဒေသတွေကို ပြင်းထန်စွာ သက်ရောက်မှု ရှိနေတဲ့အတွက် အဆိုပါ ရုတ်တရက် ဆုံးဖြတ်ချက်ဟာ ဆိုက်ကလုန်း ဒဏ်ခံရတဲ့ လူဦးရေရဲ့ ဆိုးရွားတဲ့ ဘဝအခြေအနေတွေကို ပိုမိုဆိုးရွားစေတယ်” ဟု UNOCHA က ထုတ်ပြန်သည်။
ရခိုင်ပြည်နယ် စစ်ကောင်စီက ဇွန်လ ၈ ရက် က စပြီး INGO၊ NGO နှင့် CSO အဖွဲ့အစည်းများအား ရခိုင်ပြည်အတွင်း ခရီးသွားလာခွင့်ကို ရက်အကန့်သတ်မၡိ ရပ်နားထားကြရန် ဇွန်လ ၇ ရက်တွင် စာပို့ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။
မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူများ အရေးပေါ် အကူအညီ လိုအပ်နေချိန်တွင် လူသားချင်းစာနာမှု ကူညီရေးအဖွဲ့များအား ခရီးသွားလာခွင့် ရပ်ဆိုင်းလိုက်ခြင်းအပေါ် ဝေဖန်ရှုတ်ချမှုများ ရှိခဲ့သည်။
ဇွန်လ ၁၁ ရက် တွင် ပြည်နယ်စစ်ကောင်စီက NGO အဖွဲ့များ၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုချက်များအား ယခင်ခွင့်ပြုထားရှိသည့် ခွင့်ပြုစာအတိုင်း ဆောင်ရွက်ခွင့်ပြုကြောင်း ထုတ်ပြန်ခဲ့သော်လည်း မြေပြင်အခြေအနေတွင် လွတ်လပ်စွာ ခရီးသွားလာခွင့်များ ကန့်သတ်ခံထားရဆဲ ဖြစ်ကြောင်း ကူညီပေးနေသူများထံက သိရသည်။
ဇွန်လ ၁၂ ရက်က ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Balakrishnan ၏ ထုတ်ပြန်ချက်တွင် “လူသားချင်းစာနာ ထောက်ထားမှုအဖွဲ့များကိုယ်စား ပြည်နယ်အုပ်ချုပ်ရေးကောင်စီကို တောင်းဆိုချင်တာက မူလဆုံးဖြတ်ချက်တွေအတိုင်း ပြန်လည်ခွင့်ပြုပေးဖို့ပါ” ဟု တိုက်တွန်းခဲ့သည်။
ရခိုင်ပြည်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူညီများ ပေးနိုင်ရန် ပြည်နယ်စစ်ကောင်စီထံ ခရီးသွား ခွင့်ပြုချက် တင်ထားသော်လည်း ခွင့်ပြုမိန့်ကျရန် အချိန်ကြန့်ကြာမှုများကြောင့် လူမှုကူညီပေးရေး NGO အဖွဲ့အစည်းများ အခက်အခဲများ ဖြစ်ပေါ်နေကြကြောင်း သိရသည်။
ရခိုင်ပြည်အခြေစိုက် NGO ဝန်ထမ်းတစ်ဦးက “သူတို့ (စစ်ကောင်စီ) ဘက်က နဂိုကတည်းက ခရီးသွားလာခွင့်ကို ဥပဒေနဲ့အညီ စာတင်ရမယ်ဆိုတာ ရှိတယ်။ ခွင့်ပြုချက်တင်တော့ ခွင့်ပြုချက် ကျမလာဘူး” ဟု ပြောသည်။
ရခိုင်ပြည်နှင့် ချင်းပြည်နယ်တို့တွင် ဆိုက်ကလုန်း Mocha တုံ့ပြန်မှုအတွက် ဖြန့်ဖြူးရေးနှင့် သယ်ယူပို့ဆောင်ရေး အစီအစဉ်များ၏ အတည်ပြုချက်ကို ဆိုင်းငံ့ထားဆဲ ဖြစ်သည်ဟု UNOCHA ၏ ဇွန် ၁၉ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့များကို ခရီးသွားလာခွင့် ကန့်သတ်ထားသည်မှာ ရခိုင်ပြည်တွင်းရှိ ပြည်သူများ၏ လူ့အခွင့်အရေးကို စစ်ကောင်စီက ချိုးဖောက်နေခြင်းဟု မုန်တိုင်းသင့်ပြည်သူများအား ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက အခုလို ပြောသည်။
“နိုင်ငံရဲ့အစိုးရလို့ ပြောနေတဲ့လူတွေက သူတို့ကိုယ်တိုင် ကူညီကယ်ဆယ်ရေး ပေးသင့်တယ်။ ကူညီပေးနေတဲ့ အဖွဲ့တွေကိုလည်း မြန်မြန်ဆန်ဆန် အလုပ်ဖြစ်အောင် ဆောင်ရွက်ပေးသင့်တယ်။ အခုဆိုရင် ကျနော်တို့ နယ်ဘက်ကို ကူညီကယ်ဆယ်ရေး သွားပေးတာ စစ်ကောင်စီနဲ့ မတွေ့ရအောင် ရှောင်ပြီး သွားနေရတယ်။ မဟုတ်ရင် ပြဿနာတွေ တက်မယ်၊ အဖမ်းခံရနိုင်တယ်” ဟု ၎င်းက ပြောသည်။
လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကန့်သတ်ချက်များ ရှိနေသော်လည်း အကူအညီပေးရေးအဖွဲ့များသည် ၎င်းတို့ ခွင့်ပြုချက်ရရှိထားသည့် ဆိုင်ကလုန်းဒဏ်ခံ ရပ်ရွာများသို့ အရေးကြီးသောအကူအညီများ ပေးအပ်လျက်ရှိကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
မေလ ၁၄ ရက်က တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုက်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်အတွင်း ဒေသခံပြည်သူ ၁,၅၄၇,၇၆၁ (တစ်ဆယ့်ငါးသိန်းကျော်) ထိခိုက် နစ်နာခဲ့ရသည်ဟု ရက္ခိုင့်တော် (AA) က ထုတ်ပြန်ထားသည်။
မုန်တိုင်းသင့် မြို့နယ်များမှ ကျေးလက်ဒေသနှင့် စစ်ဘေးရှောင်စခန်းများတွင် စားနပ်ရိက္ခာနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများ ရရှိမှု အားနည်းနေကြောင်း ဒေသခံများက ပြောဆိုကြသည်။
ရသေ့တောင်မြို့နယ် စေတီပြင် စစ်ဘေးရှောင်စခန်းမှ မမေစုလှိုင်က “စခန်းမှာ အိမ်သာလည်း မရှိဘူး။ မိန်းကလေးတွေအတွက် အဆင်မပြေဘူး။ သူတို့ (စစ်ကောင်စီ) က လူသားချင်းစာနာမှု ကူညီပေးနေတဲ့ အဖွဲ့တွေကို ပိတ်ပင်ထားတော့ စားဝတ်နေရေး ပိုပြီး ဒုက္ခရောက်ပြီပေါ့” ဟု ပြောသည်။
လက်ရှိတွင် မုန်တိုင်းသင့် လူဦးရေ၏ ၃၀ ရာခိုင်နှုန်းခန့်မှာ နိုင်ငံတကာ အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ပုဂ္ဂလိက အလှူရှင်များထံမှ အကူအညီတချို့ ရရှိထားသော်လည်း ကျန် ၇၀ ရာခိုင်နှုန်းမှာ အရေးပေါ် ကူညီကယ်ဆယ်ရေး ပစ္စည်းများ မရရှိကြသေးကြောင်း AA က ပြောဆိုထားသည်။
အောင်ထိန် (DMG) ပေးပို့သည်။