၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၅၊ ဇန်နဝါရီ ၂၂ ရက်နေ့အထိ တိုက်ပွဲတစ်နှစ်ကျော်ကာလအတွင်း ရခိုင်ပြည်က မြို့နယ် ၁၆ ခုနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် စစ်ကောင်စီနှင့် အပေါင်းအပါတို့၏ လက်ချက်ကြောင့် နေအိမ် ၆,၈၉၂ လုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်း ကောက်ယူရရှိထားသည့် စာရင်းများအရ သိရသည်။
စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတို့နှင့် ပစ်ခတ်တိုက်ခိုက်မှုအပါအဝင် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ မီးရှို့မှုကြောင့် နေအိမ်ထောင်နှင့်ချီ မီးလောင်ပျက်စီးခဲ့ရခြင်း ဖြစ်သည်။
“မြို့မှာ တိုက်ပွဲစတော့မယ့်အချိန် ကျမတို့ တခြားနေရာသို့သွားပြီး စစ်ဘေးရှောင်နေတာ။ ပြန်လာတော့ အိမ်မရှိတော့ဘူး။ အနှစ်နှစ်ကာလစုဆောင်းပြီး ဆောက်ထားတဲ့အိမ် အခုလိုမျိုးဖျက်ဆီးပစ်ကြတော့ အရမ်း စိတ်မကောင်းဖြစ်ရတယ်” ဟု နေအိမ်မီးလောင်ပျက်စီးသွားသည့် ရခိုင်ဒေသခံဒေါ်ဦးမေသိန်းက ပြောသည်။
မီးလောင်ပျက်စီးမှုများထဲတွင် ဘူးသီးတောင်တွင် နေအိမ် ၃,၃၀၈ လုံး၊ ပေါက်တောတွင် ၁,၁၆၂ လုံး၊ ရမ်းဗြဲတွင် ၆၈၂ လုံး၊ မောင်တောတွင် ၃၆၆ လုံးဖြင့် အများဆုံးဖြစ်ကြောင်း စာရင်းများအရ သိရသည်။
နေအိမ်မီးလောင်ပျက်စီးသွားသည့် ဒေသခံများမှာ အလုပ်အကိုင်ရှားပါးခြင်း၊ ကုန်ဈေးနှုန်းအဆမတန် မြင့်တက်နေမှုနှင့်အတူ စားဝတ်နေရေးကျပ်တည်းမှုတို့ကြောင့် ပြန်လည်ထူထောင်ရေးအတွက် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေကြရသည်။
တိုက်ပွဲကာလအတွင်း နေအိမ်ပျက်စီးသွားသည့် ဒေသခံများကို အာရက္ခတပ်တော် (AA) နှင့် လူမှုကူညီရေးအဖွဲ့များက ပြန်လည်ထူထောင်ရေးအတွက် ငွေကြေးနှင့် အိမ်ဆောက်ပစ္စည်းအချို့ ထောက်ပံ့ခြင်း၊ ယာယီတဲအိမ်များ ဆောက်လုပ်ပေးခြင်းရှိသော်လည်း လုံလောက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။
ဘူးသီးတောင်ဒေသခံအမျိုးသမီးတစ်ဦးက “တကိုယ်တည်းရုန်းကန်ရင်း အိမ်ဆောက်ထားတာမှ မကြာသေးဘူး။ အခု စစ်တပ် (စစ်ကောင်စီတပ်) က ဖျက်ဆီးလို့ အကုန်ဆုံးသွားပြီ။ အိမ်မှာရှိတဲ့ပစ္စည်းတွေပါ အကုန်ဆုံးသွားတာ။ ဒီအခြေအနေမှာ အိမ်တဆောင်ပြန်ဆောက်ဖို့ဆိုတာ ဘယ်လိုမှမလွယ်တော့ဘူ” ဟု ပြောသည်။
လက်ရှိတွင်လည်း စစ်ကောင်စီသည် အရပ်သားနေထိုင်ရာများကို လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်နေမှုကြောင့် နေအိမ်အဆောက်အဦး ပျက်စီးဆုံးရှုံးများမှာလည်း တိုးလာနေသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်က စစ်ကောင်စီက ဒရုန်းဖြင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာမှ နေအိမ် ၈ လုံး မီးလောင်ပျက်စီးခဲ့ရပြီး ဇန်နဝါရီ ၈ ရက်ကလည်း ကျောက်နီမော်ကျေးရွာကို ဂျက်တိုက် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၃၉၈ လုံး မီးလောင်ပျက်စီးသွားခဲ့သည်။
“အခုလို နေအိမ်တွေကို ဖျက်စီးတာတွေဟာဆိုရင် လုံးဝကိုလက်မခံနိုင်စရာ စစ်ရာဇဝတ်မှု ချိုးဖောက်မှုတရပ် ဖြစ်တယ်။ စစ်ကောင်စီကတော့ စစ်ရေးပစ်မှတ်ဆိုပြီး သီးသန့်မဟုတ်ဘဲ အရပ်သားနေရပ်တွေကိုပါရောပြီး တိုက်ခိုက်လာတာတွေရှိတယ်” ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ လူမှုကူညီရေးလုပ်နေသူတစ်ဦးက ပြောသည်။
နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေတွင် ပဋိပက္ခနှင့်မသက်ဆိုင်သည့် အရပ်သားနေထိုင်ရာ အဆောက်အအုံ၊ ဘာသာရေးအဆောက်အုံ၊ စာသင်ကျောင်း၊ ဆေးရုံဆေးခန်း စသည်တို့ကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း မပြုလုပ်ရန် ပြဌာန်းထားသည်။
လက်ရှိတွင် AA သည် တိုက်ပွဲတစ်နှစ်ကျော်အတွင်း ရခိုင်က မြို့နယ် ၁၅ ခုနှင့် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး အဆိုပါဒေသများတွင် အုပ်ချုပ်ရေးအပြင် ပြန်လည်ထူထောင်ရေးများကို လုပ်ဆောင်နေသည်။
သို့သော်လည်း စစ်ကောင်စီသည် AA ထိန်းချုပ်ဒေသများကို လေကြောင်းဖြင့် မကြာခဏ လာရောက်ပစ်ခတ် တိုက်ခိုက်မှုများရှိနေ၍ အရပ်သားထိခိုက်သေဆုံးမှုအပြင် နေအိမ်အဆောက်အအုံပျက်စီးမှုမှာလည်း လစဉ်နှင့်အမျှ မြင့်တက်နေသည်။
အောင်ထိန် (DMG) ပေးပို့သည်။