ရခိုင်တိုက်ပွဲတွေကြောင့် မကွေးမှာ စစ်ကောင်စီတပ် ခံစစ်ပြင်လာ

0
403
ပုံစာ– မကွေးမှာ စစ်ကောင်စီတပ်ခံစစ်ပြင်လာနေ။ (Photo-Social Media)

ရခိုင်ပြည်နယ်က စစ်ကောင်စီတပ်စခန်းတွေကို ရက္ခိုင့်တပ်တော်-AA က တိုက်ခိုက်သိမ်းပိုက်နေတဲ့အတွက် ရခိုင်ရိုးမနဲ့ထိစပ်နေတဲ့ မကွေးတိုင်းထဲက နေရာတွေမှာ စစ်ကောင်စီတပ်က ခံစစ်ပြင်လာတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေက ပြောသည်။

အမ်းစစ်ဌာနချုပ်နဲ့ ဆက်စပ်နေတဲ့ ငဖဲ-အမ်းလမ်းပိုင်းမှာ လုံခြုံရေးတိုးချတာတွေအပြင် ပုသိမ် – မုံရွာ လမ်းတလျှောက်မှာလည်း ကတုတ်ကျင်းတူးတာတွေပါ ပြုလုပ်လာတယ်လို့ ဒေသခံတွေထံမှ သိရသည်။

စစ်ကောင်စီတပ် အခုလိုလုပ်ဆောင်နေတာဟာ ရှေ့တန်းမထွက်ချင်လို့ အကြောင်းပြလုပ်ဆောင်နေတာ ဖြစ်တယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောဆိုထားပြီး နယ်မြေအနေအထားအရ တည်ငြိမ်တယ်လို့လည်း သိရသည်။

ဒေသခံတစ်ဦးက “ရဲစခန်းတွေကို စာပစ်တယ်လို့လဲသိရတယ်။ မနေ့ကပဲ အလောတကြီးနဲ့ ပျူစောထီးတွေ လေးငါးယောက် ဟိုတစ်စု၊ ဒီတစ်စုနဲ့ ကျွင်းတွေတူးကြတယ်။ ကင်းပုန်းတွေ ချတယ်။ ကျင်းတူးတဲ့နေရာတွေက ပြေးလမ်းချောင်တဲ့ နေရာတွေချည်းပဲ။ ရခိုင်ဘက်မှာက တိုက်ပွဲဖြစ်ပြီးနောက် တန်းလုပ်တာပဲ” လို့ ပြောသည်။

မင်းဘူးခရိုင်အတွင်းက ပျူစောထီးတွေကို တစ်တောင့်ထိုးလက်နက်တွေ ချပေးထားတာကိုလည်း တွေ့ရှိရတယ်လို့ ပြောဆိုနေသလို လမ်းပေါ်မှာ လက်နက်တွေနဲ့ သွားလာနေတာတွေလည်း ရှိတယ်လို့ သိရသည်။

လက်ရှိအချိန်မှာလည်း စလင်းမြို့နယ်နဲ့ ပွင့်ဖြူမြို့နယ် ရဲစခန်းတွေကို ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေက လာရောက် တိုက်ခိုက်မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ဒေသခံတွေပါ ခရီးသွားလာတာ မရှိဘူးလို့ သိရသည်။

ဒါ့အပြင် မကွေးတိုင်း သရက်ခရိုင်အတွင်းက ပုသိမ်-မုံရွာ လမ်းအနီးက သစ်တောတွေထဲကို စစ်ကောင်စီ တပ်သားတွေ လှုပ်ရှားနေတာကို တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောဆိုသည်။

စစ်ကောင်စီဘက်က အခုလိုပြင်ဆင်တာတွေနဲ့ ပတ်သက်ပြီး ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက နယ်မြေအေးချမ်းပြီး စစ်ကောင်စီတပ်သားတွေဟာ ရှမ်းမြောက်နဲ့ ရခိုင်ပြည်နယ်ကို ရှေ့တန်းမထွက်ချင်လို့ ဟန်ပြပြင်ဆင်တာမျိုး ဖြစ်နိုင်တယ်လို့ ပြောပါသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here