ရခိုင်တိုက်ပွဲတကျော့ပြန်ဖြစ်လာမည်ကိုစိုးရိမ်ပြီး ဒေသခံတချို့ထွက်ပြေးတိမ်းရှောင်နေ

0
330
ပုံစာ - ရှေ့တန်းတနေရာရှိ AA တပ်ဖွဲ့ဝင်များ။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီဘက်မှ လူအင်အား၊ လက်နက်အင်အား၊ ရိက္ခာဖြည့်တင်းခြင်းများနှင့် စစ်ရေးလှုပ်ရှားမှုများ ပိုများလာခြင်းကြောင့် ထပ်မံပြီး တကျော့ပြန်တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်ပြီး ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်နေသည်ဟု သိရသည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီဘက်မှ စစ်ရေးလှုပ်ရှားမှု ပိုများလာတာကြောင့် တကျော့ပြန်တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်နေသည်ဟု ရသေ့တောင်မြို့နယ် ပြိန်းတောကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက အခုလို ပြောပါသည်။

“ကျမတို့ အပြင်တွေဘာတွေ သွားလို့ရှိရင် အငူမော်ဘက်တို့မှာလည်း အဲ့စစ်သားတွေကို မကြာမကြာ တွေ့တယ်။ ကျမတို့ မကြောက်ဘဲနေမလား၊ တိုက်ပွဲကြောင့် ကျမတို့ဘဝတွေ စတေးရတာ များနေပါပြီ။ ခုလည်းကြောက်လို့ တိမ်းရှောင်ဖို့ နေရာရှာနေရတယ်” ဟု ယင်းဒေသခံအမျိုးသမီးက ပြောသည်။

စစ်တွေဘက်မှ ရသေ့တောင်ဘက်သို့လည်း ကုလားတန်မြစ်‌ကြောင်းတလျှောက်တွင် စစ်ကောင်စီ Navy များ မကြာခဏ သွားလာမှုများရှိသည်ဟု ဒေသခံများထံမှ သိရသည်။

ယင်းသို့ စစ်ရေးလှုပ်ရှားမှု များလာခြင်းကြောင့် တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်၍ ကျေးရွာတချို့မှ ဒေသခံများ လုံခြုံဘေးကင်းနိုင်သည့် မြို့ပြများသို့ ရွေ့ပြောင်းနေကြပြီဟု ကျောက်တော်မြို့မှ ဒေသခံအမျိုးသားတစ်ဦးက ပြောပါသည်။

“ရုပ်သားရွာမှာဆို တစ်ရွာလုံးနီးပါး စစ်ရှောင်နေကြပြီ။ ကျန်တဲ့ရွာတွေလည်း သူ့အဆက်နဲ့သူ တိမ်းရှောင်နေကြပါပြီ။ မဖြစ်ခင် ကြိုတင်ကာကွယ်မှ” ဟု ၎င်းက ပြောဆိုသည်။

ကျောက်တော်မြို့နယ်တွင်လည်း ယခုနိုဝင်ဘာလအတွင်းမှာပင် ရိက္ခာသယ်ယူသည့် စစ်ကားများအပြင် ရေကြောင်းလမ်းမှလည်း ရိက္ခာများကို စက်လှေများဖြင့် သယ်ဆောင်သွားလာခြင်းများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။

ရသေ့တောင်မြို့နယ်တွင်လည်း ရက္ခိုင့်တပ်တော်-AA ဘက်မှ ဗုံးခိုကျင်း မဖြစ်မနေတူးခိုင်းနေကြောင်း ရသေ့တောင်ဒေသခံတစ်ဦးက ပြောသည်။

“ဗုံးခိုကျင်းတွေ မဖြစ်မနေ တူးရမယ်လို့‌ပြောပါတယ်။ မတူးရင် ပိုက်ဆံလျော်ရမယ်လို့ပြောတယ်။ ဒါကလည်း တဖက်ကကြည့်ရင် အသက်အန္တရာယ် ထိခိုက်မှာစိုးလို့ပါ။ တစ်ဖက်ကလည်း ငွေကြေးအဆင်မပြေတဲ့သူ ရှိတယ်လေ” ဟု ၎င်းက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရက္ခိုင့်တပ်တော် (AA) ပါဝင်သည့် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲများကြောင့် ရခိုင်ပြည်မှာလည်း တိုက်ပွဲများ ပြန်ဖြစ်လာမည်ကို ဒေသခံအများစုက စိုးရိမ်မှုများ ရှိနေကြောင်း သိရသည်။

မာန်အောင်မြို့ခံတစ်ယောက်က “မာန်အောင်မှာ ခုရက်ပိုင်း တက်ကြွလှုပ်ရှားတဲ့သူတွေကိုရော၊ ရိုးရိုး အရပ်သား‌တွေ မာန်အောင်ပြင်ပ အထွက်အ၀င်ကို စစ်ကောင်စီက စိုးရိမ်တကြီး စစ်ဆေးမေးမြန်း စကားနှိုက်တာတွေ လုပ်နေတာတွေ ရှိတယ်” ဟု ပြောသည်။

လက်ရှိတွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်၊ ရ‌သေ့တောင်၊ ဘူးသီးတောင်၊ မောင်တောနှင့် မာန်အောင် မြို့နယ်တို့တွင်လည်း ယခင်ကထက် စစ်ရေး လှုပ်ရှားမှုများ ရှိသလို လူမှုရေးတက်ကြွလှုပ်ရှားသူများကိုလည်း စုံစမ်းနေကြောင်း သိရသည်။

ရခိုင်ပြည်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သြဂုတ်လက ဖြစ်ပွားခဲ့သည့် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်‌တော်တို့၏ တကျော့ပြန်တိုက်ပွဲသည် နိုဝင်ဘာလ ၂၆ ရက်တွင် အပစ်ရပ်စဲခဲ့သည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here