ရခိုင်ပြည်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေပြီး နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်သူဦးရေလည်း တဖြည်းဖြည်းတိုးလာနေရာတွင် မှတ်တမ်းပြု ကောက်ယူထားသည့်စာရင်းအရ လက်ရှိတွင် တိုက်ပွဲတိမ်းရှောင်သူ ၄ သောင်းကျော်ထိ ရှိလာနေပြီ ဖြစ်သည်။
စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲအတွင်း နိုဝင်ဘာ ၁၆ ရက်နေ့တွင် စစ်ကောင်စီ လေကြောင်း၊ ရေကြောင်းမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ပေါက်တောမြို့ပေါ်မှ ဒေသခံ ၂ သောင်းခွဲကျော်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြရသည်။
စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေမှုကြောင့် အသက်အန္တရာယ် ထိခိုက်မည်ကို စိုးရိမ်၍ တစ်စုံတစ်ရာ ယူဆောင်ချိန်မရဘဲ ထွက်ပြေးလာရကြောင်း ပေါက်တောဒေသခံများက ပြောသည်။
ပေါက်တောမြို့မှ ထွက်ပြေးလာသူတစ်ဦးက “ထမင်းလည်း မစားခဲ့ရဘူး။ လူ ၁၅ ယောက် ဆိုင်ကယ်လေးစီးနဲ့ ပြေးလာတာ။ မိုးကလည်းရွာတော့ အဝတ်အစိုတွေနဲ့ နေနေရတယ်။ ဘယ်လိုရှေ့ဆက်ရမလဲ မသိသေးဘူး။ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ အကူအညီတွေ ပေးစေချင်တယ်” ဟု ပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်၊ တန်းခိုး၊ ကျော်ဇင်၊ ကျွဲထိုး၊ နတ်ဆိပ်စသည့် ကျေးရွာ (၁၀) ကျော်မှ လူဦးရေ ၁၅,၀၀၀ (တစ်သောင်းခွဲ) ခန့်မှာလည်း စစ်ကောင်စီ၏ လက်နက်ကြီးအန္တရာယ်ကို စိုးရိမ်၍ ဘေးလွတ်မည့် နေရာများသို့ တိမ်းရှောင်နေကြသည်။
ပုဏ္ဏားကျွန်းအခြေစိုက် ၅၅၀ တပ်ရင်းမှ နေ့စဉ်ရက်ဆက် လက်နက်ကြီး ပစ်ခတ်နေပြီး၊ ကုလားတန် မြစ်ကြောင်းတလျှောက် သွားလာနေသည့် စစ်ရေယာဉ်မှ လက်နက်ကြီး/ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မည်ကို စိုးရိမ်၍ ထွက်ပြေးတိမ်းရှောင်လာကြောင်း ပုဏ္ဏားကျွန်းဒေသခံများက ပြောကြသည်။
“ကျမတို့က စက်လှေတွေနဲ့ ပြေးတာလာ။ လမ်းမှာ လှိုင်းတအားထန်တယ်။ နေဗီ (Navy) ကိုလည်း ကြောက်ရနဲ့ အသက်လုပြီး ပြေးလာရတာ။ စားစရာလည်း အများကြီးမပါဘူး။ ရှေ့ဆက် ဘယ်လိုနေထိုင်ရမလဲတော့ မသိဘူး” ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းခိုးကျေးရွာမှ ထွက်ပြေးတိမ်းရှောင်လာသူ ဒေါ်သန်းဌေးချေက ပြောသည်။
ယင်းအပြင် မောင်တောမြို့နယ်၊ ဂြစ်ချောင်း၊ ဝက်ကျိန်း၊ တမန်းသားစသည့် ကျေးရွာများမှ လူဦးရေ ၁,၀၀၀ ကျော်မှာလည်း စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲကြောင့် နိုဝင်ဘာလ ၁၃ ရက်နေ့ မှစ၍ နီးစပ်ရာကျေးရွာများသို့ တိမ်းရှောင်နေကြသည်။
တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသူများမှာ စားနပ်ရိက္ခာ၊ အဝတ်အထည်၊ အမိုးအကာနှင့် ကျန်းမာရေး စောင့်ရှောက်မှု အကူအညီများ အရေးပေါ် လိုအပ်လျက်ရှိသည်။
“ကျမတို့မှာ ကိုယ်မှာဝတ်ထားတဲ့ အဝတ်တစ်ထည်ပဲပါတယ်။ အဲဒါလည်း မိုးရွာလို့ အကုန်လုံးစိုကုန်ပြီ။ လောလောဆယ်တော့ ဒီကရွာသားတွေက စားဖို့သောက်ဖို့ အတတ်နိုင်ဆုံး စီစဉ်ပေးထားကြတယ်။ ဒါပေမယ့် ရေရှည်ဆိုရင် အကုန်လုံး အခက်အခဲဖြစ်လာမှာ” ဟု ပေါက်တောမြို့နယ် မနော်သီရိကျေးရွာမှ ထွက်ပြေးလာသူ တစ်ဦးက ပြောသည်။
ထွက်ပြေးတိမ်းရှောင်နေကြသည့် ဒေသခံများထဲတွင် ကလေးငယ်နှင့် အသက်ကြီးရွယ်အိုများပါဝင်ပြီး လက်ရှိတွင် ရခိုင်ပြည်အတွင်း မိုးသည်းထန်စွာ ရွာသွန်းနေခြင်းကြောင့် ၎င်းတို့၏ ကျန်းမာရေးနှင့်ပတ်သက်၍ စိုးရိမ်စရာ ရှိနေသည်။
မောင်တောမြို့နယ်၊ ဒုံးညိုကျေးရွာမှ ထွက်ပြေးတိမ်းရှောင်နေကြသည့် ဒေသခံ ၅၀၀ ထဲမှ အသက် ၇ လအရွယ် မိန်းကလေးငယ်တစ်ဦးမှာ အအေးမိ၍ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် သေဆုံးသွားခဲ့သည်။
ရခိုင်ပြည်တွင် တိုက်ပွဲစတင်ခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့ မှစ၍ စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းကို ပိတ်ဆို့ထားသဖြင့် နိုင်ငံတကာအဖွဲ့များနှင့် လူမှုကူညီရေး အဖွဲ့များအနေဖြင့် လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်ရန် အခက်အခဲများ ရှိနေကြသည်။
အောင်ထိန် (DMG) ပေးပို့သည်။