ရခိုင်တပြည်လုံးကို သိမ်းပိုက်နိုင်ရေး အပြင်းထန်ဆုံး ထိုးစစ်ဆင်သွားမည်ဟု AA စစ်ဦးစီးချုပ်ပြော

0
231
Photo - AA Info Desk

ရခိုင်ပြည်တစ်ခုလုံးကို စစ်ကောင်စီကင်းစင်နယ်မြေအဖြစ် အပြီးသတ်သိမ်းပိုက်ရရှိရေးအတွက် အပြင်းထန်ဆုံးနှင့် အမြန်ဆုံး ဆက်လက်ထိုးစစ်ဆင်သွားမည်ဟု ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောကြားလိုက်သည်။

ဧပြီလ ၁၀ ရက်နေ့တွင် ကျရောက်သည့် ၁၅ နှစ်မြောက် ရက္ခိုင့်တပ်တော် (AA) နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် AA ရဲဘော်များကို စစ်ဦးစီးချုပ်က ပြောဆိုထားခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “ အာရက္ခအမျိုးသားတော်လှန်ရေးကြီးက မပြီးပြတ်သေးတဲ့အတွက် လက်ရှိရရှိထားတဲ့ ယုံကြည်မှု ခွန်အားအရှိန်အဟုန်ကို ဆက်လက်မြှင့်တင်ပြီးတော့ ငါတို့ရည်မှန်းချက်အတိုင်း အပြင်းထန်ဆုံးနဲ့ အလျင်မြန်ဆုံး ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားရမှာ ဖြစ်တယ်။ ဒါမှသာ ရခိုင်ပြည်သူလူထုတရပ်လုံးက မျှော်မှန်းထားတဲ့ အိမ်မက်ကို အကောင်အထည်ဖော်နိုင်မှာဖြစ်တယ်” ဟု ပြောသည်။

ရခိုင်တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက် မှ စ၍ စစ်ကောင်စီနှင့် AA တို့ အကြား တိုက်ပွဲပြင်းထန်နေသည့်မှာ ၅ လ နီးပါး ကြာမြင့်လာပြီဖြစ်သည်။ တိုက်ပွဲကာလအတွင်း AA က ပလက်ဝအပါအဝင် ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ မြို့နယ်တို့ကို သိမ်းပိုက်ထားသည်။

လက်ရှိတွင်လည်း ဘူးသီးတောင်၊ မောင်တောနှင့် အမ်းမြို့နယ်တို့ကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

ရခိုင်နိုင်ငံရေးသမားတစ်ဦးက “ AA ရဲ့ ရက္ခိတအိမ်မက်ကို အကောင်အထည်ဖော်နေတဲ့နေရာမှာ ဗိုလ်ချုပ်ကတော့ လာမယ့်နှစ် ၂၀၂၅ ကို ရခိုင်လူထုတွေအတွက် လက်ဆုတ်လက်ကိုင်ပြနိုင်တဲ့ အောင်မြင်မှုတွေ လုပ်ပြမယ်ဆိုပြီး ပြောထားတာ တွေ့ရတယ်။ ဒါကြောင့် ရခိုင်ဒေသမှာတော့ တိုက်ပွဲတွေ ဆက်တိုက်ရှိနေမှာပဲ” ဟု ပြောသည်။

ယနေ့ကျရောက်သည့် ရက္ခိုင့်တပ်တော်နေ့သို့ AA ၏ မဟာမိတ်အဖွဲ့များအပါအဝင် တော်လှန်ရေးအဖွဲ့အစည်းအများအပြားမှ ဂုဏ်ပြုဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့ထားကြသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here