ရခိုင်စစ်ဘေးရှောင်များ စားနပ်ရိက္ခာပြတ်တောက်လာပြီး အခက်အခဲကြုံ

0
279

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲ ကာလ ၄ လကျော် ကြာမြင့်လာပြီးနောက် ရခိုင်ရှိစစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာ ပြတ်တောက်လာနေပြီး အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ပြောဆိုကြသည်။

စစ်ဘေးရှောင်တချို့မှာ အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် ထွက်ပြေးလာရသူများဖြစ်ပြီး ၎င်းတို့အနေဖြင့် မြေလွတ်၊ လယ်ကွင်းများတွင် တဲထိုးနေထိုင်ကြပြီး အချင်းချင်း ဝေမျှစားသောက် နေကြသော်လည်း တိုက်ပွဲ ကာလ ကြာလာသည့်အတွက် စားနပ်ရိက္ခာ ပြတ်တောက်မှုနှင့် ကြုံနေရသည်ဟု ပုဏ္ဏားကျွန်းမြို့နယ် ကျေးရွာတစ်ခုတွင် စစ်ဘေးရှောင်နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“ကျွန်မတို့က ကွင်းပြင်မှာ နေတာပါ။ တချို့ မိန်းမတွေက အဝတ်တစ်စုံနှစ်စုံနဲ့ ပြေးလာခဲ့ကြတာပါ။ ကလေးတွေလည်း ပါတယ်။ တချို့ဆိုရင် စားရေးသောက်ရေး အဆင်မပြေတော့ တောင်းလို့စားနေ ကြရပါတယ်။ ပထမရောက်နေတဲ့ လူတွေတောင် ခက်ခဲနေကြတာပါ။ နောက်မှပြေးလာတဲ့လူတွေ ပိုခက်ခဲပါတယ်” ဟု အဆိုပါအမျိုးသမီးက ပြောသည်။

ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့သည့် ၂ဝ၂၃ ခုနှစ် ၊ နိုဝင်ဘာ ၁၃ ရက်နေ့မှ စ၍ တကျော့ပြန် တိုက်ပွဲပြီးနောက် ရခိုင်ပြည်နယ်တဝှမ်း စစ်ဘေးရှောင် ၃ သိန်း ကျော်ရှိနေကြောင်း ၂၀၂၄ ဖေဖော်ဝါရီ ၂၉ ရက်နေ့က ရက္ခိုင့်တပ်တော် (AA) မှ ထုတ်ပြန်သည့် စာရင်းအရ သိရသည်။

စစ်ဘေးရှောင်များမှာ စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ အမ်း၊ ကျောက်ဖြူ၊ တောင်ကုတ် စသည့် မြို့နယ်တို့တွင် အများဆုံးဖြစ်ကြောင်း ဒေသခံ လူမှုရေးလှုပ်ရှားသူများက ပြောဆိုသည်။

ပုဏ္ဏးကျွန်းမြို့နယ်အတွင်း လူမှု့ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသူ လူငယ်တစ်ဦးက “ကျွန်တော်တို့ နားမှာဆိုရင် တောင်းရမ်းစားသောက်သူတွေ တွေ့နေကြရပါတယ်။ စိတ်မကောင်း ဖြစ်မိပါတယ်။ ဒီနေ့ မိုးရွာတော့ မိုးထက် လေအများကြီးတိုက်ခဲ့တော့ ခြင်ထောင်ချပြီးနေသူတွေ၊ တဲထိုးနေသူတွေ၊သစ်ပင်အောက် တွေမှာ နေသူတွေအတွက် အင်မတန် အခက်တွေ့သွားပါတယ်။ တာပေါ်လင်စတွေ အလှူခံပြီး ပြန်လုပ်ပေးဖို့ လုပ်ကြရပါမယ်” ဟု ပြောသည်။

ယင်းအပြင် စစ်ရှောင်အမျိုးသမီးနှင် ကလေးငယ်များသည်လည်း အဟာရမပြည့်ဝမှုများ၊ ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်နေကြောင်း ၎င်းက ဆက်ပြောသည်။

“အမျိုးသမီးတွေက လစဉ်သုံးအထုတ်တွေ မရှိကြတော့ဘူး။ ကလေးတွေက အဟာရချို့တဲ့မှုတွေ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် လူနေရပ်ကွက်၊ ကျေးရွာများကို နေ့စဉ်နှင့်အမျှ ဗုံးကြဲ တိုက်ခိုက်မှုများ ရှိနေသည့်အတွက် စစ်ဘေးရှောင်နှင့် အရပ်သားပြည်သူ သေဆုံး၊ ဒဏ်ရာရမှုများ နေ့စဉ် ရှိနေပြီး သေဆုံးသူများအထဲတွင် ကလေးငယ်အများအပြား ပါဝင်လာနေသည်ကို တွေ့ရှိရသည်။

အာဏာသိမ်းစစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ပြဌာန်းလိုက်ပြီးနောက်ပိုင်း စစ်တွေမြို့အပါအဝင် မြို့နယ် တချို့မှ ဒေသခံများမှာ စစ်မှုထမ်းရမည်ကိုစိုးရိမ်၍ ဘေးလွှတ်ရာ ထွက်ပြေးနေကြရသည့်အတွက် စစ်ဘေးရှောင် ဦးရေသည်လည်း ထပ်တိုးလာနေသည်ဟု သိရပါသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here