
“မိုခါ” မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ယာယီနေအိမ်များကို ပြန်လည် မပြုပြင်နိုင်သေး၍ စစ်ဘေးရှောင်စခန်းရှိ ကိုယ်ဝန်ဆောင် အမျိုးသမီးနှင့် နို့တိုက်မိခင်များ နေထိုင်ရေး အခက်အခဲများ ရှိနေကြောင်း သိရသည်။
အမိုးအကာ မလုံခြုံသည့်အတွက် မိုးရာသွန်းချိန်တွင် ကိုယ်ဝန်အရင့်မာကြီးနှင့် တနေရာမှ တနေရာသို့ ပြောင်းရွှေ့နေထိုင် နေရသည်ဟု ရသေ့တောင်မြို့ပေါ်ရှိ “ရွှေပါရမီ ဘုန်းတော်ကြီးကျောင်း” စစ်ဘေးရှောင်စခန်းက ကိုယ်ဝန်ဆောင်အမျိုးသမီး ဒေါ်အေးအေးသန်းက ပြောသည်။
“ပြုပြင်ထားတာလည်း မခိုင်ခံ့တော့ မိုးရွာလို့ လေပြင်းတိုက်ရင် မိုးရေတွေ ဝင်တယ်။ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ အိမ်တွေကို သေသေချာချာ မလုပ်နိုင်သေးတော့ နေထိုင်ရတာ အရမ်းခက်ခဲတယ်” ဟု ဒေါ်အေးအေးသန်းက ပြောသည်။
ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်စခန်း ၂၇ ခုနှင့် လူဦးရေ ၁၇,၀၀၀ ကျော်ရှိပြီး ထိုအထဲတွင် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင် ၂၅၀ ကျော် ရှိကြောင်း စစ်ဘေးရှောင်စခန်း တာဝန်ရှိသူများထံမှ သိရသည်။
မုန်တိုင်းလွန်သည်မှာ တစ်လကျော် ကြာမြင့်လာသော်လည်း အကူအညီအထောက်အပံ့ ရရှိမှုမှာ အလွန်နည်းပါး နေသေးပြီး နေအိမ်များကို ကိုယ်ထူကိုယ်ထ ပြုပြင်ရန်အတွက်လည်း ငွေကြေးအခက်အခဲ များစွာရှိနေ၍ ဖြစ်သလို နေထိုင်နေရကြောင်း စစ်ဘေးရှောင်များက ပြောသည်။
စစ်ဘေးရှောင် ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် နို့တိုက်မိခင်များမှာ အမိုအကာ မလုံခြုံမှုကြောင့် မိုးရေစိုစွတ်ကာ ကျန်းမာရေးထိခိုက်မည်ကို စိုးရိမ်နေကြသည်ဟု ပြောသည်။
“အခု မိုးအရမ်းရွာတော့ အိပ်ဖို့နေရာ မရှိဘူး။ ဒီနေရာက မိုးစိုရင် နောက်တနေရာကို ရွှေ့ပြီး ထိုင်နေရတယ်။ မိုးရေကလည်း အရမ်းအေးတော့ ခန္ဓာကိုယ်မှာ အမြဲတမ်း ရေစိုနေတော့ နေမကောင်း ဖြစ်မှာကို စိုးရိမ်နေရတယ်” ဟု ညောင်ချောင်း စစ်ဘေးရှောင်စခန်းမှ မွေးကင်းစ ကလေးမိခင် ဒေါ်ဆန်းဆန်းကျော်က ပြောသည်။
ကျောက်တော်မြို့နယ်၊ ညောင်ချောင်း စစ်ဘေးရှောင်စခန်းတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးနှင့် နို့တိုက်မိခင် ၁၃၅ ဦးရှိပြီး ယခုအချိန်ထိ နေအိမ်များကို လုံလုံခြုံခြုံ မပြုပြင်နိုင်သေးကြောင်း စစ်ဘေးရှောင်များနှင့် စခန်းတာဝန်ရှိသူထံမှ သိရသည်။
ကိုယ်ဝန်ဆောင် အမျိုးသမီးများမှာ အဟာရပြည့်ဝသော အစားအစာများကို စားသုံးပြီး ကောင်းမွန်သော ကျန်းမာရေး စောင့်ရှောက်မှုအောက်တွင် နေထိုင်သင့်သော်လည်း စစ်ဘေးရှောင်စခန်းက အမျိုးသမီးများမှာ ထိုအခွင့်အရေးများကို ဆုံးရှုံးနေကြသည်ဟု စစ်ရှောင်များကို ကူညီပေးနေသူများက ပြောသည်။
အလှူရှင်များထံမှ ထောက်ပံ့ပေးသည့် စားနပ်ရိက္ခာတချို့ကိုလည်း နေအိမ်ပြုပြင်ရန်အတွက် အသုံးပြုထားကြရ၍ စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များမှာ ဖြစ်သလို စားသောက်နေကြရကြောင်း ပြောကြသည်။
“ကိုယ်ဝန်အရင့်အမာ ဖြစ်လာတော့ နွေးနွေးထွေးထွေး နေထိုင်သင့်တယ်ဆိုပေမယ့် အခုက ဖြစ်သလို နေထိုင်နေရတယ်။ နောက်တစ်ခုက ကိုယ်ဝန်ဆောင်တွေမှာ လိုအပ်တဲ့ အာဟာရတွေကိုလည်း ဝယ်မစားနိုင်ဘူး။ အဘက်ဘက်က အခက်အခဲ ကြုံနေကြရတယ်” ဟု ကျောက်တော်မြို့နယ်၊ တောင်မင်းကုလား စစ်ဘေးရှောင်စခန်းမှ ဒေါ်မအေးခင်က ပြောသည်။
စစ်ဘေးရှောင် ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် နို့တိုက်မိခင်များသည် မိုးတွင်းကာလ လုံခြုံသော အမိုးအကာအောက်တွင် နေထိုင်နိုင်ရေးအတွက် အရေးတကြီး လိုအပ်နေလျက် ရှိသည်။
တိမ်ညို စစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးကျော်မြချေက “နေထိုင်ရေးကိုတော့ အမြန်ဆုံး လုံလုံခြုံခြုံ ဖြစ်စေချင်ပါတယ်။ မိုးရာသီ လေပြင်းတိုက်လိုက်ရင် နေအိမ်တွေလည်း ပြန်ပြီးယိုင်လဲ သွားနိုင်တယ်။ ဒီမိုးတွင်းကာလကိုတော့ အံကြိတ်ပြီး ဖြတ်ကျော်ရမှာပဲ” ဟု ပြောသည်။
ရခိုင်ပြည်တွင် ပြီးခဲ့သည့် မေလ ၁၄ ရက် က တိုက်ခတ်ခဲ့သော “မိုခါ ” ဆိုက်ကလုန်း မုန်တိုင်းကြောင့် နေအိမ်၊ အဆောက်အအုံ အများအပြား ပျက်စီးသွားခဲ့ပြီး ပြည်သူ တစ်သန်းနှစ်သောင်းကျော် လေဘေးဒဏ် သင့်ခဲ့ရသည်။
မုန်တိုင်းတိုက်ခတ်ခဲ့သည်မှာ တစ်လကျော်အထိ ကြာမြင့်လာပြီ ဖြစ်သော်လည်း မုန်တိုင်းသင့်ပြည်သူများမှာ စားနပ်ရိက္ခာ၊ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေဆဲဖြစ်ကာ ပြန်လည်တည်ဆောက်ရေး အတွက်လည်း အခက်အခဲများစွာ ရှိနေကြသည်။
အောင်ထိန် (DMG) ပေးပို့သည်။