ရခိုင်စစ်ပွဲ ၅ ရက်အတွင်း ဒေသခံ ၃၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီးထား

0
295
ပုံစာ - ၂၀၂၂ ခုနှစ် ရခိုင်စစ်ရေးကာလ စစ်တွေမြို့တွင် စစ်ကောင်စီက ဒေသခံများအားဖမ်းဆီးခဲ့စဉ်။

ရခိုင်ပြည်တွင် စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲ စတင်ဖြစ်ပွားလာသည့် နိုဝင်ဘာလ ၁၃ ရက်မှ နိုဝင်ဘာ ၁၈ ရက်နေ့ အထိ ၅ ရက်တာအတွင်း စစ်ကောင်စီက ဖမ်းဆီးထားသည့် ဒေသခံ ၃၆ ဦး ရှိကြောင်း စုံစမ်းချက်အရ သိရသည်။

ဖမ်းဆီးခံရသူများမှာ စစ်တွေမှ ၁၃ ဦး၊ တောင်ကုတ်မှ ၁၁ ဦး၊ ကျောက်ဖြူမှ ၄ ဦးနှင့် ဘူးသီးတောင်မှ ၈ ဦးဖြစ်ပြီး ယင်းတို့ထဲတွင် စီးပွားရေး လုပ်ငန်းရှင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ကျောင်းသားများလည်း ပါဝင်နေသည်ကို တွေ့ရသည်။

နိုဝင်ဘာ ၁၃ ရက်နေ့ညက စစ်တွေမြို့ခံအချို့ကို အရပ်ဝတ် စစ်ကောင်စီတပ်သားများက သေနတ်ပစ်ဖောက်ပြီး အကြမ်းဖက်နည်းဖြင့် လာရောက်ဖမ်းဆီးခဲ့ကြောင်း မိသားစုဝင်များက ပြောဆိုသည်။

နိုဝင်ဘာ ၁၅ ရက်နေ့၊ ညနေ ၃ နာရီခန့်ကလည်း စစ်တွေ မင်းဂံရပ်ကွက်မှ ၄ ဦး ထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်ထိ အဆက်အသွယ်မရသေးကြောင်း မိသားစုဝင်များက ပြောသည်။

ဖမ်းဆီးခံထားရသူတစ်ဦး၏ သားဖြစ်သူက “ကျနော့်အဖေနဲ့ အခုထိ အဆက်အသွယ်မရသေးဘူး။ ဘယ်ကို ခေါ်သွားမှန်းလည်း မသိရသေးဘူး။ မိသားစုတွေအနေနဲ့ စိုးရိမ်တာပေါ့။ ကျနော့်အဖေက ဘယ်အဖွဲ့အစည်းနဲ့မှ ဆက်စပ်မှု မရှိတဲ့အတွက် အမြန်ဆုံး ပြန်လွှတ်ပေးစေချင်တယ်” ဟု ပြောသည်။

နိုဝင်ဘာ ၁၆ ရက်နေ့တွင် စစ်တွေမြို့၊ လောကာနန္ဒာဘုရားအနီးတွင် အဝေးသင်တက္ကသိုလ် ကျောင်းသား ၈ ဦးနှင့် နိုဝင်ဘာ ၁၇ ရက်တွင် ကန်တော်ကြီးရပ်ကွက်မှ တက္ကသိုလ်ကျောင်းသား မောင်မြတ်ထူးနိုင်နှင့် ဖခင် ဦးမောင်သန်းဝင်း တို့ကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့သည်။

မောင်မြတ်ထူးနိုင်မှာ နိုဝင်ဘာ ၁၅ ရက် ညနေပိုင်းက ကန်တော်ကြီးရပ်ကွက်နှင့် မင်းဂံရပ်ကွက်အတွင်း စစ်ကောင်စီတပ်က စစ်ကား ၅ စီးဖြင့် ဒေသခံများအား ဖမ်းဆီးနေသည်ကို ၎င်း၏ Facebook စာမျက်နှာတွင် တင်ခဲ့သည့်အတွက် ဖမ်းဆီးခံရခြင်းဖြစ်သည်။

တောင်ကုတ်မြို့မှ ကိုအောင်အောင်၊ ကိုကျော်နိုင်၊ ကိုထွန်းထွန်းနိုင်၊ ကိုမောင်ချေ၊ ကိုပေါက်စ၊ ဦးစိန်ဝင်းကြိုင်၊ ဦးကိုလေး၊ ကိုအောင်ငြိမ်း၊ ကိုသန့်ဇင်ဖြိုး၊ ကိုမောင်မောင်စိုး၊ ကိုအေးလွင် တို့ကို နိုဝင်ဘာ ၁၃ ရက်နေ့ ည ၉ နာရီကျော်တွင် စစ်ကောင်စီတပ်သားများက နေအိမ်သို့ လာရောက်ဖမ်းဆီးသွားခဲ့သည်။

“သူတို့ကို အဲဒီနေ့က ဖမ်းသွားတာ အခုအချိန်ထိ အဆက်အသွယ်မရသေးဘူး။ ဘယ်နေရာကို ခေါ်သွားတယ် ဆိုတာလည်း မသိရသေးဘူး။ တချို့မြို့ခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု တောင်ကုတ်မြို့ခံတစ်ဦးက ပြောသည်။

ယင်းအပြင် ဘူးသီးတောင်မြို့မှ ဦးထွန်းအေး၊ ဦးမောင်မြစံ (ခ) ကုလားချေ၊ ဦးမောင်မြသိန်း၊ ဦးဆွေသန်းဦး၊ ဦးဟာမီတူလ္လာ၊ ဦးနော်အာလောင်၊ ဦးမောင်လှဝင်း (ခ) ဟူဆောင်းဇူဟာ နှင့် ဦးမာမတ်ရော်ဟိမ်း တို့ကိုလည်း နိုဝင်ဘာ ၁၄ ရက်နေ့က ည ၉ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့များက ဖမ်းဆီးသွားကြောင်း သိရသည်။

၎င်းနည်းတူ ကျောက်ဖြူမြို့ခံ ဦးသန်းလှိုင်၊ ကိုနဂါး၊ ဦးလှကြည်နှင့် ကိုဝီလီယမ်တို့ကိုလည်း နိုဝင်ဘာ ၁၃ ရက်နေ့တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့သည်။

ယခုကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ပြည်နယ်စစ်ကောင်စီပိုင် “ရခိုင်နေ့စဉ်” လူမှုကွန်ရက်တွင် “ ရခိုင်ဒေသ တည်ငြိမ်အေးချမ်းစေရန်အတွက် ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သူများအား ဖော်ထုတ်ဖမ်းဆီးလျက်ရှိသည်” ဟု ခြိမ်းခြောက်ထားသည်ကို တွေ့ရသည်။

ရခိုင်ဒေသခံများ ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး ရခိုင်နိုင်ငံရေးသမား ဦးအောင်သောင်းရွှေက “အရင်တိုက်ပွဲတုန်းက ပြည်သူတွေကို AA နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးတာတွေ ရှိတယ်။ အခုလည်း ဒေသခံတွေကို မတရား ဖမ်းဆီးနေတာက စစ်ကောင်စီရဲ့ လုပ်ထုံးလုပ်ရပ်တစ်ခု ဖြစ်နေပြီ။ ဒါက အစိုးရတစ်ရပ်ရဲ့လုပ်ရပ် မဟုတ်ဘူး။ စစ်ရာဇဝတ်မှုကို ကျူးလွန်တာဖြစ်တယ်” ဟု ပြောသည်။

ဖမ်းဆီးခံထားရသူများမှာ လတ်တလောရရှိထားသော စာရင်းဖြစ်ပြီး ပေါက်တောမြို့တွင်လည်း ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံ ၁၀၀ ခန့်ကို စစ်ကောင်စီက ထိန်းသိမ်းထားကြောင်း သတင်းများထွက်ပေါ်နေသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့  (AA၊ TNLA၊ MNDAA) ၏ နိုဝင်ဘာ ၁၅ ရက်နေ့ ထုတ်ပြန်ချက်တွင် စစ်ကောင်စီသည် ရခိုင်စစ်ပွဲ စတင်ခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်တွင် ရခိုင်ဒေသခံ ၄၆ ဦးကို ULA/AA နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခဲ့ပြီး ကျန်ဒေသခံများကိုလည်း ဆက်လက်ဖမ်းဆီးရန် ကြိုးပမ်းနေကြောင်း ပြောဆိုထားသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here