မှတ်ပုံတင်ခွင့်ရရှိထားသည့် ရခိုင်ပြည်ရှိ နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစာရင်းများကို စစ်ဆေးရာတွင် သတ်မှတ်ချက်များနှင့် မကိုက်ညီသည့် ပါတီဝင်များကိုတွေ့ရကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံး တာဝန်ရှိသူများ၏ ပြောဆိုမှုအရ သိရသည်။
“အဓိကတော့ မှတ်ပုံတင်ခွင့်ရထားတဲ့ပါတီတွေ တင်ပြလာတဲ့ ပါတီဝင်စာရင်းတွေနဲ့ ကျနော်တို့မှာရှိတဲ့ စာရင်းတွေက ကွဲလွဲနေတယ်။ ဒါတွေကို စစ်ဆေးသွားမှာပါ။ အဲဒါတွေကိုပဲ သူတို့နဲ့ဆွေးနွေးပြီးတော့ ဘယ်နေ့ အပြီးလုပ်မယ်ဆိုတာကို ဆုံးဖြတ်သွားမယ်” ဟု ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)ရုံးအရာရှိ ဦးသူရိန်ထွဋ်က ပြောသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း စည်းရုံးရရှိထားသည့် သတ်မှတ်ပါတီဝင်ဦးရေစာရင်းကို သက်ဆိုင်ရာသို့ ပေးပို့ရမည်ဖြစ်သည်။
အဆိုပါစာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စစ်ဆေးရာတွင် လဝကမှ ပေးပို့သည့် အချက်အလက်များနှင့် ကိုက်ညီမှုမရှိ ဖြစ်နေကြောင်း သိရသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး ပြည်နယ်ရွေးကောက်ပွဲကော်မရှင်နှင့် ပါတီတာဝန်ရှိသူများသည် လာမည့် စက်တင်ဘာ ၂၆ ရက်တွင် တွေ့ဆုံရန်ရှိကြောင်း သိရသည်။
မြိုတိုင်းရင်းသားပါတီ ဥက္ကဌဦးအေးထွန်းက “အဓိကတော့ ကျနော်တို့တင်ပြထားတဲ့ ပါတီဝင်စာရင်းတွေကို သူတို့စစ်ဆေးတဲ့အခါ မှတ်ပုံတင်နဲ့လူက ကွဲလွဲမှုရှိတယ်ဆိုပြီးတော့ အကြောင်းကြားလာတယ်” ဟု ပြောသည်။
စစ်ကောင်စီက အသစ်ပြဌာန်းထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ – ၅ (စ) အရ မှတ်ပုံတင် ခွင့်ပြုသည့်နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီ ဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀,၀၀၀ ကို လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး ၁,၀၀၀ ကို လည်းကောင်း စည်းရုံးရမည်ဖြစ်သည်။ ယင်းအပြင် ရက်ပေါင်း ၁၈၀ အတွင်း သတ်မှတ်မြို့နယ်များတွင် ပါတီရုံးခန်းများကိုလည်း ဖွင့်လှစ်ရမည်ဖြစ်သည်။
ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီဥက္ကဌ ဦးအေးကြိုင်က “အခု အစည်းအဝေးခေါ်တယ် ဆိုတာကလည်း ကွဲလွဲနေတဲ့ ပါတီဝင်နာမည်တွေ၊ မှတ်ပုံတင်တွေကို စစ်ဆေးဖို့အတွက် ခေါ်ယူတာဖြစ်တယ်လို့ မြင်တယ်။ ကျနော်တို့ ပါတီအနေနဲ့ကတော့ ပါတီဝင်စာရင်းတွေကို ကွဲလွဲမှုမရှိအောင် အသေးစိတ်စစ်ဆေးနေတယ်” ဟု ဆိုသည်။
ရခိုင်ပြည်မှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်ခွင့်လျှောက်ထားသည့် ပါတီ ၆ ခု ရှိပြီး ရခိုင်အမျိုးသားပါတီမှ လွဲ၍ ရခိုင့်ဦးဆောင်ပါတီ၊ ရခိုင်ပြည်နယ်အမျိုးသား အင်အားစုပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီနှင့် ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့မှာ မှတ်ပုံတင်ခွင့် ရရှိထားပြီ ဖြစ်သည်။
လာမည့်ရွေးကောက်ပွဲကို မည်သည့်အချိန်တွင် ပြုလုပ်မည်ကို စစ်ကောင်စီက တိတိကျကျပြောဆိုထားခြင်း မရှိသေးပါ။
အောင်ထိန် (DMG) ပေးပို့သည်။