ရခိုင်က ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး မကွေးတွင်ဖမ်းဆီးရမိ

0
171
Photo - PRA Magway

ရခိုင်ပြည်နယ်၊ အမ်းမြို့နှင့် မင်းပြားမြို့နယ်တို့ကနေ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးကို မကွေးတိုင်းအတွင်း ဖမ်းဆီးရမိခဲ့သည်ဟု လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA Magway က ဧပြီ ၃ ရက် နေ့တွင် သတင်းထုတ်ပြန်သည်။

မင်းပြားအခြေစိုက် အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးကျောင်းကနေ ထွက်ပြေးလာသည့် ခလရ ၆၃ လက်အောက်ခံ စစ်ကောင်စီတပ်သား ၂ ဦး ကို မတ်လ ၂ ရက်နေ့က ဦးစွာဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

ယင်းနောက် အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ထွက်ပြေးလာသည့် ခမရ ၃၄၆ လက်အောက်ခံ တပ်သား ၄ ဦးကို ဧပြီ ၁ ရက်နေ့က ထပ်မံဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်အရ သိရသည်။

PRA Magway စစ်ဦးစီးချုပ်နောင်သူရိန်က စစ်ကောင်စီတပ်က ထွက်ပြေးမှုမျိုးမဟုတ်ဘဲ တော်လှန်ရေး အင်အားစုများနှင့် ချိတ်ဆက်လာပါက ၎င်းတို့ကို ဝမ်းပန်းတသာ ကြိုဆိုမည်ဟု ပြောသည်။

ဖမ်းဆီးရမိထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေပြီး ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားသလို ကျူးလွန်ခဲ့သည့် ပြစ်မှုအပေါ်မူတည်၍ အရေးယူရန်ရှိကြောင်း ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း စစ်ရှုံးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဘင်္ဂလားဒေရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံထဲသို့ အစုံအလိုက်အပြုံအလိုက် ထွက်ပြေးမှုနှင့်အတူ လက်နက်ချ အညံခံမှုများလည်း ရှိနေသည်။

ရက္ခိုင့်တပ်တော် AA သည် “၁၀၂၇ စစ်ဆင်ရေး” အတွင်း ပလက်ဝ၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ပေါက်တော၊ ရသေ့တောင်မြို့အပါအဝင် မြို့ ၉ မြို့အထိ သိမ်းပိုက်ရရှိထားပြီ ဖြစ်သည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here